မန္တလေး ၂၇ ဇန်နဝါရီ

 

မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်နှင့် မန္တလေးတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ကြီးမှူး၍ လစဉ်နောက်ဆုံးပတ်တွင် ကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို ဇန်နဝါရီ ၂၇ ရက် နံနက် ၅ နာရီခွဲက မန္တလေးမြို့ ကျုံးတောင်ဘက် ၂၆ လမ်းရှိ မြို့တော်စည်ပင်ရုံးရှေ့ စုရပ်နေရာ၌ ပြုလုပ်သည်။

 

88500

 

အဆိုပါ လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဦးဆောင်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်ရှိ စက်ဘီးစီးကလပ်အသင်းများမှ စက်ဘီးအားကစားသမားများ၊ ကျောင်းသား ကျောင်းသူများ၊ သက်ကြီး သက်လတ် သက်ငယ် စက်ဘီးစီး အားကစားဝါသနာရှင် ပြည်သူများ၊ ဝန်ထမ်းများ၊ စုပေါင်းစက်ဘီးစီးနင်း ပါဝင်ဆင်နွှဲခဲ့ကြသူများသည် သတ်မှတ်စုရပ်နေရာတွင် ရောက်ရှိနေရာယူကြပြီး အားကစားနှင့် ကာယပညာသိပ္ပံကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်က အချက်ပြ သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးသည်။

 

စုပေါင်းစက်ဘီးစီးနင်း ပါဝင်ဆင်နွှဲခဲ့ကြသူများသည် သတ်မှတ်လမ်းကြောင်းများအတိုင်း စီးနင်းကြ၍ ပျော်ရွှင်စွာ စုပေါင်းဆင်နွှဲ ပန်းဝင်ရောက်ရှိလာကြပြီး ကိုယ်လက်လှုပ်ရှား ကြံ့ခိုင်မှုလေ့ကျင်းခန်းများ ပြုလုပ်ကြကာ စေတနာရှင်များက Royal-D အားဖြည့် အချိုရည်ဘူးများ ပေးဝေခဲ့ကြသည်။

 

အဆိုပါ ပြည်သူလူထု စုပေါင်းစက်ဘီးစီးနင်းပွဲကို လစဉ်လ၏ နောက်ဆုံးပတ် တနင်္ဂနွေနေ့တွင် ကျင်းပလျက်ရှိပြီး မည်သူမဆို အကန့်အသတ်မရှိ မည်သည့်စက်ဘီးနှင့်မဆို ပါဝင်စီးနင်း ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

တင်မောင် (မန်းကိုယ်ပွား)