နေပြည်တော် ဧပြီ ၃၀

 

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များ ရရှိစေရေး အတွက် အောင်နိုင်ရေး၊ လေ့ကျင့်ရေးနှင့် နည်းစနစ်ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တက်ရောက်သည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၅ ခုနှစ် ဒီဇင်ဘာတွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များရရှိစေရေး အတွက် အောင်နိုင်ရေးကိုရှေ့ရှုပြီး လေ့ကျင့်ရေးပိုင်း၊ နည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် နေပြည်တော်နှင့် ရန်ကုန်တို့တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့များ၏ နေထိုင် စားသောက်မှုများ၊ လေ့ကျင့်နေမှုအခြေအနေများနှင့် ပတ်သက်ပြီး အသေးစိတ်တင်ပြဆွေးနွေး ပေးသွားကြရန် တိုက်တွန်းပြောကြားသည်။

 

ထို့နောက် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ တာဝန်ခံညွှန်ကြားရေးမှူးများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရုံးလုပ်ငန်းဆောင်ရွက် နေမှုများ၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်တို့က တင်ပြဆွေးနွေးခဲ့မှုများအပေါ် ဖြည့်စွက်ဆွေးနွေးကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အားကစားအောင်နိုင်ရေးအတွက် အားကစားလေ့ကျင့်မှုများနှင့် အောင်မြင်မှုများ အရှိန်အဟုန်မပျက် ဆက်လက်လေ့ကျင့်ဆောင်ရွက်နိုင်စေရန် အားကစားကွင်း၊ အားကစားရုံများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ် လေ့ကျင့်ပေးနိုင်ရန် တာဝန်ရှိသူများက ကြပ်မတ်စီစဉ်ဆောင်ရွက်သွားရန် မှာကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်