ရန်ကုန်       ဇူလိုင်    ၂၃

အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦးနှင့်   ဒုတိယညွှန်ကြား‌ရေးမှူးများသည် ယမန်နေ့ နံနက်ပိုင်းက ၂ဝ၂၇ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းအတွင်း၌ စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင်အလေးမ အားကစားသမားများနှင့် ဝူရှူးအားကစားသမားများ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍  နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုရှိစေရေးအတွက်  လေ့ကျင့်မှုများ၊ သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီအောင်ကြိုးစားပြီး ပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များ ရရှိရန်  ကိစ္စရပ်များနှင့်စပ်လျဉ်း၍  မှာကြားသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပညာသင်လေ့ကျင့်လျက်ရှိသော ရေကူး၊ ဂျူဒိုနှင့် Gym ခန်းမတွင်   စုပေါင်းလေ့ကျင့်   Gym ကစားနေကြသည့် တိုက်ကွမ်ဒို၊ ကရာတေး၊ Boxing ၊ မြားပစ်၊ ဘော်လီဘော၊ ရွက်လှေ၊ လှေလှော်၊  ပိုက်ကျော်ခြင်းကစားသမားများကို ကြည့်ရှုစစ်ဆေးပြီး မြန်မာ့လက်ရွေးစင် တက်(ဂ်)ဘောအားကစားသမားများ လေ့ကျင့်နေမှုများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ပညာသင်လေ့ကျင့်လျက်ရှိသော ပြေးခုန်ပစ်၊ ဝူရှူးနှင့် ISPE ဘောလုံးအသင်းများ၏ လေ့ကျင့်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 အောင်မြင့်(ပြန်/ဆက်)