နေပြည်တော် ၁၁ မတ်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသော (၃၄)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ဆရာတော် ဘဒ္ဒန္တ ကေသရာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ စန္ဒိမာဘိဝံသထံမှ သမ္မောဒနီယ သာရဏီယ ဩဝါဒကထာကို နာယူကြည်ညိုကြသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဇနီးတို့က သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက် ဆရာတော်၊ မစိုးရိမ်တိုက်သစ် ဆရာတော်နှင့် မော်ကျွန်းဆရာတော်တို့ထံ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ဓမ္မာစရိယ၊ ပထမပြန်၊ နိကာယ် စာမေးပွဲ အထူးအောင် သံဃာတော်များအား အောင်လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဓမ္မာစရိယတန်းတွင် အဂ္ဂမဟာအကျော်ဘွဲ့ရ အရှင် ကာရုဏိက၊ ဒုတိယဂုဏ်ထူးရ အရှင်ကောဝိဒနှင့် တတိယဂုဏ်ထူးရ အရှင်ယသဗလတို့ထံ အောင်လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်က ပထမကြီးတန်းတွင် ပထမကျော်ဘွဲ့ရ အရှင်ဥတ္တမာလင်္ကာရ၊ ဒုတိယဂုဏ်ထူးရ အရှင်သီလာနန္ဒာ လင်္ကာရ၊ တတိယဂုဏ်ထူးရ ရှင်ခေမာစာရာလင်္ကာရတို့ထံ လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပထမလတ်တန်းတွင် ပထမဂုဏ်ထူးရ ရှင်အဘိဇာတာလင်္ကာရ၊ ဒုတိယဂုဏ်ထူးရ ရှင်မာနိတာလင်္ကာရ၊ တတိယဂုဏ်ထူးရ ရှင်ဓမ္မသာမီလင်္ကာရတို့ထံ လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ပထမငယ်တန်းတွင် ပထမဂုဏ်ထူးရ ရှင်နေမိန္ဒ၊ ဒုတိယဂုဏ်ထူးရ ရှင်ဆန္ဒာဓိက၊ တတိယဂုဏ်ထူးရ ရှင်ဣန္ဒကတို့ထံ အောင်လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်တို့က ခုဒ္ဒကနိကာယ (သုတ္တန္တပိဋက) ပထမ၊ ဒုတိယ ဂုဏ်ထူးရနှင့် အခြေပြုမူလတန်း ပထမ၊ ဒုတိယ ဂုဏ်ထူးရ အရှင်သူများမြတ်များ၊ ဝိနယဝိဒူ ပထမ၊ ဒုတိယ၊ တတိယ ဂုဏ်ထူးရ အရှင်သူမြတ်များ၊ အင်္ဂုတ္တရ နိကာယ ပထမ၊ ဒုတိယ၊ တတိယ ဂုဏ်ထူးရနှင့် ဒီဃနိကာယ် ပထမ၊ ဒုတိယ၊ တတိယ ဂုဏ်ထူးရ အရှင်သူမြတ်များထံ အောင်လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ဓမ္မာစရိယ၊ ပထမပြန်၊ ဝိဒူတန်း အထူးအောင် သီလရှင်များအား အောင်လက်မှတ်ဆက်ကပ်ရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဇနီး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ဇနီးတို့က ဓမ္မာစရိယတန်း ပထမဂုဏ်ထူးရ၊ ပထမကြီးတန်း ပထမဂုဏ်ထူးရ၊ ပထမလတ်တန်း ပထမဂုဏ်ထူးရ၊ ပထမငယ်တန်း ပထမဂုဏ်ထူးရ၊ အခြေပြုမူလတန်း ပထမဂုဏ်ထူးရ၊ ဝိနယဝိဒူ ပထမဂုဏ်ထူးရ၊ အင်္ဂုတ္တရ နိကာယ ပထမဂုဏ်ထူးရ သီလရှင် ဆရာလေးများထံ အောင်လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဝိသုဒ္ဓိမဂ် စာမေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ အဘိဓမ္မာ(ဂုဏ်ထူး ဆောင်) စာမေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ အဘိဓမ္မာစာမေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဂုဏ်ထူးရရှိကြသည့် လူပုဂ္ဂိုလ် အမျိုးသား၊ အမျိုးသမီးများကို တာဝန်ရှိသူများက အောင်လက်မှတ်များ အပ်နှင်းသည်။
ယင်းနောက် ဧည့်ပရိသတ်များက သံလျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ စန္ဒိမာဘိဝံသထံမှ အနုမောဒနာတရားနာယူကြပြီး ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဓမ္မာစရိယအောင် သံဃာတော်များနှင့် ဓမ္မာစရိယအောင် သီလရှင်ဆရာများထံ အောင်လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
(၃၄)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင် အခမ်းအနားတွင် ဓမ္မာစရိယ စာမေးပွဲအထူးအောင် ၄ ပါး၊ ဓမ္မာစရိယပါဠိဂုဏ်ထူးအောင် ၄ ပါး၊ ဓမ္မာစရိယမြန်မာဂုဏ်ထူးအောင် ၇ ပါး၊ ဓမ္မာစရိယကျမ်းရင်း သုံးကျမ်းအောင် ၁၀၁၃ ပါး၊ ပါဠိပထမပြန်စာမေးပွဲ အထူးအောင် ၁၆ ပါး၊ နိကာယ်စာမေးပွဲ အထူးအောင် ၁၄ ပါး၊ မဟာဝိဒူတန်းအောင် ၅ ပါးတို့ကို အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းခဲ့ပြီး အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲအထူးအောင် ၉ ဦးနှင့် ဓမ္မာစရိယ ကျမ်းရင်း သုံးကျမ်းအောင် လူပုဂ္ဂိုလ် ၁ ဦးတို့ကို အောင်လက်မှတ်များ အပ်နှင်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်