နေပြည်တော် ၁ အောက်တိုဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် (၃၅)ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာ ၁ ရက်မှ ၄ ရက်အထိ နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည်။
အဆိုပါအစည်းအဝေး၏ ပထမနေ့အဖြစ် (၃၅)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကို ယနေ့နံနက် (၉)နာရီတွင် ရွှေစံအိမ်ဟိုတယ်၌ ကျင်းပရာ အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ (ACDM)၏ အလှည့်ကျဥက္ကဋ္ဌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်နှင့် ပူးတွဲဥက္ကဋ္ဌအဖြစ် Mr. Kistoffer James E. Purisima, Assistant Secretary/ Deputy Administrator for Administration, Philippines တို့က ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ACDM ၏ အလှည့်ကျဥက္ကဋ္ဌ ဒေါက်တာကိုကိုနိုင်က အစည်းအဝေးသို့ တက်ရောက်လာကြသော အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာကူညီမှု ညှိနှိုင်းရေးမှူးရုံး (AHA Centre) တို့မှ အဆင့်မြင့်အရာရှိကြီးများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အစည်းအဝေးတွင် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ဖြစ်ပေါ်တိုးတက်မှုများ၊ နိုင်ငံအလိုက်နှင့် ဒေသတွင်းအဆင့်တွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် ကွာဟချက်များကို ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ဒေသတွင်းအဆင့်တွင် ဆောင်ရွက်လျက်ရှိသည့် သဘာဝဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည့် အစီအမံများနှင့် ရှေ့လုပ်ငန်းစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ယနေ့ကျင်းပပြုလုပ်သော (၃၅)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ ASEAN Coordinating Centre for Humanitarian Assistance on Disaster Management (AHA Centre) မှ Executive Director နှင့် ကိုယ်စားလှယ်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။
သတင်းစဉ်


