ဟိုပုံး ၆ မေ
ပအိုဝ်းစာပေပြန့်ပွားရေး ဗဟိုသံဃာအဖွဲ့မှ ကြီးမှူးကျင်းပဖွင့်လှစ်သော (၃၅)ကြိမ်မြောက် ပအိုဝ်းစာပေဖြင့် သင်ကြားသော ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို မေ ၆ ရက် နံနက် ၇ နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ နောင်တောင်းပရဟိတ တပ်ဦးကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
(၃၅)ကြိမ်မြောက် ပအိုဝ်းစာပေဖြင့် သင်ကြားသော ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဖွင့်ပွဲအခမ်းအနားတွင် သဘာပတိအဖြစ် ဟိုပုံးမြို့၊ ပင်လျဲမ်းဆရာတော် ဘန္တဒ္ဒစန္ဒောဘာသနှင့် အခမ်းအနားမှူးအဖြစ် တောင်ကြီးမြို့၊ အေးစေတီစာသင်တိုက်မှ ဘန္တဒ္ဒသုဇနတို့ကို တင်မြောက်ပြီးနောက် နမောတဿ(၃)ကြိမ် ဘုရားကန်တော့၍ သင်တန်းကိုဖွင့်လှစ်ခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်သည်တော်များ၊ သင်တန်းသား/ သင်တန်းသူများတို့သည် ရတနာသုံးပါးကန်တော့၍ ငါးပါးသီလခံယူကာ ပအိုဝ်းစာပေပြန့်ပွားရေး ဗဟိုသံဃာအဖွဲ့ဥက္ကဋ္ဌ၊ ဆီဆိုင်မြို့ ဇဝနာရာမ စာသင်တိုက်ဆရာတော် ဘန္တဒ္ဒကောဝိဒထံမှ သြဝါဒနာယူ၍ ၂၀၁၈ ခုနှစ်၊ ပအိုဝ်းစာပေပြန့်ပွားရေး ဗဟိုသံဃာအဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် ၂၀၁၉ ခုနှစ်၊ (၃၅)ကြိမ်မြောက် ပအိုဝ်းစာပေဖြင့် သင်ကြားသော ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းဆုံးဖြတ်ချက်များတို့ကို ဖာမွန်းကျောင်းတိုက် ဆရာတော်မှ ဖတ်ကြားသည်။
ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်က (၃၅)ကြိမ်မြောက် ပအိုဝ်းစာပေဖြင့် သင်ကြားသော ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းသို့ တက်ရောက်ကြမည့် သင်တန်းသား/သင်တန်းသူများအား သင်တန်းပို့ချချက်များကို ကြိုးစားသင်ယူလေ့လာပြီး မိမိနိုင်ငံ၊ မိမိဒေသ၊ မိမိလူမျိုးအတွက် တစ်ဖက်တစ်လမ်းမှ အကူအညီပေးနိုင်သည့် သားကောင်းသမီးကောင်း ရတနာများဖြစ်လာစေရန် ကြိုးစားရန်လိုကြောင်း အားပေးစကားနှင့် ဒေသဦးစီးအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခွန်သိန်းဖေက လွှတ်တော်အတွေ့အကြုံများ၊ သင်တန်းသား/ သင်တန်းသူများ သိသင့်သိထိုက်သည့် အချက်အလက်များကို ရှင်းလင်းပြောကြားပြီး (၃၅)ကြိမ်မြောက် ပအိုဝ်းစာပေဖြင့် သင်ကြားသော ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ဘုရားကန်တော့၍ ပိတ်သိမ်းခဲ့သည်။
"(၃၅)ကြိမ်မြောက် ပအိုဝ်းစာပေဖြင့် သင်ကြားသော ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို ၂၀၁၉ ခုနှစ်၊ မေလ (၆) ရက်နေ့မှ မေလ(၁၂)ရက်နေ့အထိ သင်တန်းကာလ (၁)ပတ်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းနည်းပြများအဖြစ် ပအိုဝ်းစာပေပြန့်ပွားရေး ဗဟိုသံဃာအဖွဲ့မှ ပို့ချမည်ဖြစ်ကာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များနှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတို့မှ ပအိုဝ်းတိုင်းရင်းသား သံဃာတော်များ၊ သီလရှင်များ၊ လူငယ်မောင်မယ်များ (၂၀ဝ၀)ဦးခန့် တက်ရောက်သင်ကြားကြကြောင်းနှင့် သင်တန်းတွင် ဇာတ်ဝတ္ထု(၁၀)၊ ဓမ္မပဒ(၁၀)၊ လိတ်မွူး စသည့် ဘာသာရပ်များကို သင်ကြားပို့ချမည်ဖြစ်ပြီး ရေးဖြေ၊ နှုတ်ဖြေတို့ဖြင့် အကဲဖြတ်အမှတ်ပေးကာ ဆုပေးပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ ယခုနှစ်ထူးခြားချက်တစ်ခုမှာ ပထမဦးဆုံးအကြိမ်အဖြစ် မိုင်းပန်မြို့နယ်၊ ပန်ပီးဒေသမှ ပအိုဝ်းတိုင်းရင်းသား/သူ(၂၀)ဦး သင်တန်းတက်ရောက် သင်ကြားကြကြောင်း" ပအိုဝ်းစာပေပြန့်ပွားရေး ဗဟိုသံဃာအဖွဲ့၊ အကျိုးဆောင်ဆရာတော်ထံမှ သိရသည်။
ထက်ထက်(ဟိုပုံး)