ဂျကာတာ ဇွန် ၁၅

 

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)၏ အဖွဲ့ဝင် နိုင်ငံများသည် ဒေသအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက် ဖြစ်ပွားနေသည့်အတွက် (၃၆) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပရန် သဘောတူညီခဲ့ကြကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန် ကြီးဌာနအောက်ရှိ အာဆီယံပူးပေါင်းဆောင်ရွက်ရေး အကြီးအကဲ တာဗာရက်ဇ်က ပြောကြားခဲ့သည်။

 

ယခုနှစ်၏ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံက အာဆီယံနိုင်ငံများမှ ခေါင်းဆောင် အားလုံးတက်ရောက်ခြင်းနှင့်အတူ အာဆီယံထိပ်သီးအစည်း အဝေးကို ဇွန် ၂၇ ရက်နှင့် ဇွန် ၂၈ ရက်တို့တွင် ဟနွိုင်းမြို့၌ ကျင်းပရန် ယခုနှစ်အစောပိုင်းက အဆိုပြုထားခဲ့သည်။

 

သို့ရာတွင် ယခင်က ဇွန် ၂၇ နှင့်၂၈ ရက်တို့တွင် ဗီယက်နမ် နိုင်ငံ၌ ကျင်းပရန် စီစဉ်ထားခဲ့သည့် (၃၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအစီအစဉ်ကို ပယ်ဖျက်ခဲ့ပြီး ဇွန် ၂၆ ရက်တွင် ဗီဒီယို ကွန်ဖရင့်ပုံစံဖြင့် ကျင်းပမည် ဖြစ်ကြောင်း တာဗာရက်ဇ်က ပြောကြားခဲ့သည်။

 

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် အပြင်းအထန် ကြိုးပမ်းနေရဆဲ ဖြစ်တဲ့အတွက် လက်ရှိအခြေအနေအရ ဗီဒီယိုကွန်ဖရင့်ပုံစံအစည်းအဝေးကျင်းပခြင်းက အကောင်းဆုံး ပုံစံဖြစ်ပါတယ်ဟု အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးအကြီးအကဲ တာဗာရက်ဇ်က အနာဒိုလူ သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

 

အရှေ့တောင်အာရှဒေသအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၁၁၁၂၁၈ ဦးရှိပြီး ရောဂါကူးစက်ခံရ ပြီးနောက် ပြန်လည်ကျန်းမာလာသူ ၅၅၁၅၂ ဦးရှိခဲ့ကာ သေဆုံးသူအရေအတွက်မှာ ၃၂၄၅ ဦးရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ အချက်အလက်များအရ သိရသည်။

 

အရှေ့တောင်အာရှနိုင်ငံများထဲတွင် စင်ကာပူနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၀၆၀၄ ဦးဖြင့် ကူးစက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ပြီး သေဆုံးသူ အရေအတွက်မှာ ၂၆ ဦးရှိခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသည် ကူးစက်ခံရသူ ၃၈၂၇၇ ဦးရှိခဲ့ကာ အာဆီယံနိုင်ငံများအနက် ကူးစက်ခံရသူ ဒုတိယ အများဆုံးနိုင်ငံဖြစ်ပြီး သေဆုံးသူ ၂၁၃၄ ဦးဖြင့် သေဆုံးသူအရေအတွက် အမြင့်ဆုံးတွင်ရှိနေသည်။

 

ကိုးကား-ဗန်ကောက်ပို့စ်

ဘာသာပြန်-အလင်းသစ်