နေပြည်တော် စက်တင်ဘာ ၇
ထိုင်းနိုင်ငံ၌ က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ ၈ ရက်နေ့အထိ ကျင်းပလျက်ရှိသည့် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ Woman Team Regu ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်း ကြေးတံဆိပ် (၁) ခု ဆွတ်ခူးရရှိသည်။
မြန်မာအမျိုးသမီးအသင်းသည် အကြိုဗိုလ်လုပွဲတွင် ဗီယက်နမ်အသင်းကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် တတိယကြေးတံဆိပ်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါပြိုင်ပွဲတွင် ထိုင်းအသင်းက ရွှေတံဆိပ်၊ ဗီယက်နမ်အသင်းက ငွေတံဆိပ်၊ မြန်မာအသင်းနှင့် ကိုးရီးယားအသင်းတို့က ပူးတွဲတတိယကြေးတံဆိပ် ရရှိခဲ့သည်။
ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင်မြန်မာပိုက်ကျော်ခြင်းအသင်းမှ နည်းပြအုပ်ချုပ်သူ ၆ ဦး၊ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၁ ဦး တို့သည် အမျိုးသားပြိုင်ပွဲများအဖြစ် (Team, Quadrant, Mixregu, Mixquadrant) နှင့် အမျိုးသမီးပြိုင်ပွဲများအဖြစ် (Team, Quadrant,Hoop) စသည့် ပြိုင်ပွဲအမျိုးအစား ၇ မျိုးတို့တွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး စက်တင်ဘာ ၇ ရက် ညနေပိုင်း ပွဲစဉ်များအပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၂ ခု စုစုပေါင်း ဆုတံဆိပ် ၄ ခု ဆွတ်ခူးရရှိထားပြီဖြစ်သည်။
ယင်းပြိုင်ပွဲကို စက်တင်ဘာ ၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အာရှဒေသတွင်းနိုင်ငံများအပြင် အခြားတိုက်များမှ နိုင်ငံများလည်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်


