ရန်ကုန် ဇွန် ၂၆

 

၂ဝ၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လှိုင်သာယာ အနောက်ပိုင်းမြို့နယ်ရှိ ကုန်တင်ယာဉ် ရပ်နားကွင်းတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်က ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများအား စမ်းသပ်ကြည့်ရှုစစ်ဆေးပြီး စက်ခလုတ်နှိပ်၍ မီးရှို့ဖျက်ဆီးကြသည်။

 

မူးယစ်ဆေးဝါးပြဿနာသည် မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားအားလုံး အညွန့်တုံးစေသည့်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက တားဆီးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်လာခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ပြည်သူများက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်၍ မူးယစ်ဆေးဝါးကင်းစင်ရေး ပန်းတိုင်ကို အရောက်လှမ်းနိုင်စေရန် ရည်ရွယ်၍ နှစ်စဉ် ကျင်းပခဲ့ရာ (၃၇)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးထုတ် လုပ်မှုပပျောက်ရေးနှင့် သုံးစွဲမှုပပျောက်ရေး လုပ်ငန်းစဉ် (၂)ခုကို ဟန်ချက်ညီညီ ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ်အတွင်း တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်း၍ ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ရာ မြန်မာတစ်နိုင်ငံလုံး မူးယစ်ဆေးဝါး (၆၅၃၉)မှု၊ တရားခံ (၈၈၅၃)ဦး၊ စုစုပေါင်းတန်ဖိုး ငွေကျပ်သန်း (၁၀)သိန်းကျော် (၁၀၅၇၇၆၃ ဒသမ ၁၉၉၃၄ ကျပ်သန်း) အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ မူးယစ်ဆေးဝါး (၄၆၈)မှု၊ တရားခံ (၆၆၆)ဦး၊ စုစုပေါင်းတန်ဖိုးငွေကျပ်သန်း (၇)သောင်း (၅)ထောင်ကျော် (၇၅၄၆၄ ဒသမ ၂၅ဝဝ၅ ကျပ်သန်း) ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး တစ်နိုင်ငံလုံး အနေဖြင့် မူးယစ်ဆေးဝါး (၂၄၃၅)မှု၊ တရားခံ (၃၃၂၆)ဦး စုစုပေါင်း တန်ဖိုးငွေကျပ် သန်း (၅)သိန်း (၂)သောင်းကျော် (၅၂၄၆ဝ၅ ဒသမ ၆၇၁ဝ၇ ကျပ်သန်း)အား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ယနေ့ မီးရှို့ဖျက်ဆီးသည့် မူးယစ်ဆေးဝါးများသည် ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး အမျိုးအစားပေါင်း (၃၇)မျိုး၊ တန်ဖိုးအားဖြင့် မြန်မာငွေကျပ်သန်း (၂) သိန်း (၈)သောင်းကျော် (၂၈၉၃၄၅ ဒသမ ၂၈၅၈၆၄၆၃ ကျပ်သန်း)၊ အမေရိကန်ဒေါ်လာအနေဖြင့် ယနေ့ ကာလပေါက်ဈေးအရ ဒေါ်လာ (၈၆)သန်းကျော် (၈၆ ဒသမ ၈၉ သန်း)တို့ကို မီးရှို့ဖျက်ဆီခဲ့ကြောင်း သိရသည်။

 

ဆန်းကျော်ဦး(ပြန်/ဆက်)