မုံရွာ ၁၈ ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အလယ်ရပ်ကွက် ချမ်းသာကြီးမြတ်စွာဘုရား ဂေါပကအဖွဲ့မှ ကြီးမှူး ကျင်းပသည့် (၃၈) ကြိမ်မြောက် နွားဘေးမဲ့ပွဲတော်မှ အသက်ကယ်ရရှိသော နွားများအား ဧပြီ ၂၂ ရက် နေ့တွင် စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲကျေးရွာရှိ နွားဘေးမဲ့ခြံသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ချမ်းသာကြီး မြတ်စွာဘုရား ဂေါပကအဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးတင့်လွင်ထံမှ သိရသည်။

 

“အခုလက်ရှိအချိန်က လူစုလူဝေးဖြစ်ဖို့ လုံးဝမဖြစ်တဲ့အခြေအနေဖြစ်တာကြောင့်  ဘေးမဲ့ပေးမယ့် နွားတွေကို ဘုရားဝင်းအတွင်းမှာမထားတော့ဘူး၊ စက်မှုဇုန်ထဲက နေရာတစ်ခုကိုငှားပြီး ထားတယ်၊ နွားတွေလာအပ်ရင်လည်း လူစုလူဝေးနဲ့မလာဖို့ကိုလည်း မှာထားရတယ်၊ မြို့ထဲကိုတော့ လှည့်လည်ပြသခြင်း မပြုတော့ဘူး၊ ဧပြီ ၂၂ ရက်နေ့မှာတော့ မန္တလေးမြို့၊ တောင်စလင်းတိုက် ဘဒ္ဒန္တ  ဥူးတိက္ခ  ဦးစီးတည်ထောင်ထားတဲ့ စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲကျေးရွာကနွားဘေးမဲ့ခြံကို ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်၊ အခုနှစ်ကတော့ ကိုဗစ်-၁၉ ရောဂါက ဖြစ်နေတာဆိုတော့ အတော့ကို သတိပြုလုပ်ကိုင် ရတယ်၊ နွားဘေးမဲ့ပွဲကျင်းပတဲ့ နှစ်တွေထဲမှာတော့ ဒီနှစ်ကအတော့ကို အခက်အခဲတွေနဲ့လုပ်ဆောင်ရပေမဲ့ အောင်မြင်ခဲ့တော့ ကြိုးစားရကျိုးတော့နပ်သွားတယ်” ဟု ချမ်းသာကြီး မြတ်စွာဘုရား ဂေါပကအဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးတင့်လွင်က ပြောသည်။

 

ချမ်းသာကြီး မြတ်စွာဘုရား ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့်(၃၈)ကြိမ်မြောက်အဖြစ်ကျင်းပသော နွားဘေးမဲ့ပွဲတော်ကြီးတွင် ချမ်းသားကြီးဂေါပကအဖွဲ့နှင့် အလှူရှင်များ၏ စုပေါင်းလှူးဒါန်းငွေ ကျပ်(၁၃၈) သိန်းဖြင့် နွားကောင်ရေ ၂၀ နှင့်တစ်ဦးချင်း ကယ်တင်လှူဒါန်းသည့် နွား(၁၀)ကောင် စုစုပေါင်း(၃၀)ကောင်အား ဧပြီ ၂၂ ရက်နေ့တွင် စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲ ကျေးရွာရှိ နွားဘေးမဲ့ခြံသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)