နေပြည်တော် ဇွန် ၂၆

 

(၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစား ခန်းမ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ် ဝန်ကြီး ချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ တိုင်းစစ်ဌာနချုပ် မှ တပ်မတော်အရာရှိကြီးများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးထံမှ ပေးပို့သော သဝဏ်လွှာအား ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ဖတ်ကြားသည်။ ဆက်လက်၍ တက်ရောက်လာကြသူများက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်းဗီဒီယိုကလစ် ဖွင့်လှစ်ပြသမှုကို ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် ရဲတပ်ဖွဲ့မှူးတို့က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသူများကို ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့် ငွေများကို ပေးအပ် ချီးမြှင့်ကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကျောင်းသား ကျောင်းသူများ၊ အရပ်ဘက်လူမှု ကူညီရေးအသင်းအဖွဲ့များက ခန်းမအတွင်း ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် လှုပ်ရှားမှု ဓာတ်ပုံပြခန်းကို ကြည့်ရှုအားပေးကြသည်။

 

အလားတူ ၂၀၂၅ ခုနှစ် (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ကျောင်းသား ကျောင်းသူနှင့် ဒေသခံ တိုင်းရင်းသား များ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟို အဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ထံမှ ပေးပို့သည့် သဝဏ်လွှာကို ပြည်နယ် ဒုတိယရဲတပ်ဖွဲ့ မှူး (ကျိုင်းတုံ) ရဲမှူးကြီး မောင်မောင်အေးက ဖတ်ကြားသည်။ ထို့နောက် မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့မှ ပေးပို့သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှု မှတ်တမ်း Video Clip ပြသသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများသည် မူးယစ်ဆေးဝါး အန္တရာယ်ပညာပေးပြခန်းများကို လေ့လာကြည့်ရှုကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်