နေပြည်တော်၊ ဇွန် ၂၂
လူငယ်လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန်နှင့် အသိပညာ ဗဟုသုတ တိုးပွားစေရန်အပြင် ဇာတ်သဘင် ကြိုက်နှစ်သက်ကြသည့် မိဘပြည်သူများ အတွက် “(၃၈)ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို မေ ၂၁ ရက်မှ စတင်၍ အပတ်စဉ်စနေနေ့တိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ည ၈ နာရီသတင်းအပြီးတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
အဆိုပါ (၃၈)ဖြာ မင်္ဂလာအစီအစဉ်များအနက် ဘဝတိုးတက်ရေး အဆုံးအမများစွာပါဝင်သည့် ပဏ္ဍိတာနဉ္စသေဝနာ (ပညာရှိ သူတော်ကောင်းတို့ကို ပေါင်းသင်း ဆည်းကပ်ခြင်း )နှင့် ဓမ္မစရိယာစ (မြတ်သော သုစရိုက်အကျင့်ကို ကျင့်ခြင်း) အစီအစဉ်(၂)ခုကို ဇွန်၂၅ ရက် စနေနေ့ည ၉ နာရီခန့်တွင် ဆက်လက်ပြသမည် ဖြစ်သည်။
ယင်းတင်ဆက်မှုကို နန်းတော်ရှေ့ဆရာတင်၏မျိုးဆက် သဘင်ပညာရှင် ဦးနန်းဝင်းက ရေးသား ပူဇော်ပြီး ရန်ကုန်ဓူဝံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ နန်းဝင်း (ရွှေနန်းသဘင်)၊ တင်မောင် ဆန်းမင်းဝင်းနှင့် သဘင်ပညာရှင်များ၊ အနုပညာရှင်များ က ပါဝင်တင်ဆက်ကြမည် ဖြစ်သည်။
ထို့ပြင် ဇွန်၂၉ ရက်၊(ဗုဒ္ဓဟူးနေ့)တွင် ပဏ္ဍိတာနဉ္စသေဝနာ (ပညာရှိ သူတော်ကောင်းတို့ကို ပေါင်းသင်း ဆည်းကပ်ခြင်း )နှင့် ဇွန် ၃၀ ရက်၊ (ကြာသပတေးနေ့) တွင် ဓမ္မစရိယာစ (မြတ်သော သုစရိုက်အကျင့်ကို ကျင့်ခြင်း)တို့ကို ညနေ ၆ နာရီ သတင်း အပြီး၌ တစ်ပိုင်းစီခွဲခြား၍ ပြန်လည် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)