နေပြည်တော်၊ ဇွန် ၂၉
လူငယ်လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန်နှင့် အသိပညာ ဗဟုသုတ တိုးပွားစေရန်အပြင် ဇာတ်သဘင် ကြိုက်နှစ်သက်ကြသည့် မိဘပြည်သူများအတွက် “(၃၈)ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို မေ ၂၁ ရက်နေ့မှ စတင်၍ အပတ်စဉ် စနေနေ့တိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
အဆိုပါ (၃၈)ဖြာ မင်္ဂလာအစီအစဉ်များအနက် ဘဝတိုးတက်ရေးအတွက် အဆုံးအမ များစွာပါဝင်သည့် အတ္တသမ္မာပဏိဓိစ (မိမိကိုယ်ကိုကောင်းစွာ ဆောက်တည်ခြင်း) နှင့် ပုတ္တဒါရဿ သင်္ဂဟော (သား၊မယားကို လုပ်ကျွေးခြင်း) အစီအစဉ်(၂)ခုကို ဇူလိုင် ၂ ရက် စနေနေ့ ည ၉ နာရီခန့်တွင် ဆက်လက်ပြသမည် ဖြစ်သည်။
ယင်းတင်ဆက်မှုကို နန်းတော်ရှေ့ဆရာတင်၏မျိုးဆက် သဘင်ပညာရှင် ဦးနန်းဝင်းက ရေးသား ပူဇော်ပြီး ရန်ကုန်ဓူဝံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ နန်းဝင်း(ရွှေနန်းသဘင်)၊ မိုးပြည့်ပြည့်မောင်၊ သော်သော်နန်းဝင်း (ရွှေနန်းသဘင်)၊ ထက်မြက်အောင်၊ ရန်ရှင်းမောင်နှင့် သဘင်ပညာရှင်များ၊ အနုပညာရှင်များက ပါဝင်တင်ဆက်ကြမည် ဖြစ်သည်။
ထို့အပြင် ဇူလိုင် ၆ ရက်၊(ဗုဒ္ဓဟူးနေ့)တွင် အတ္တသမ္မာပဏိဓိစ (မိမိကိုယ်ကိုကောင်းစွာ ဆောက်တည်ခြင်း) နှင့် ဇူလိုင် ၇ ရက်၊ (ကြာသပတေးနေ့) တွင် ပုတ္တဒါရဿ သင်္ဂဟော (သား၊မယားကို လုပ်ကျွေးခြင်း) တို့ကို ညနေ ၆ နာရီ သတင်းအပြီး၌ တစ်ပိုင်းစီခွဲခြား၍ ပြန်လည်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)