၃(က) ရုပ်ရှင်ဇာတ်ကားကို ဇန်နဝါရီ ၂ ရက်တွင် ရုံတင်ပြသမည်

ရန်ကုန် ၂၃ ဒီဇင်ဘာ 

ဖြစ်ရပ်မှန်ဘဝများကို သရုပ်ဖော်ရိုက်ကူးထားသည့် ၃(က) ရုပ်ရှင်ဇာတ်ကား၏ စာနယ်ဇင်းအပ်နှံပွဲနှင့် နေ့လယ်စာတည်ခင်းဧည့်ခံပွဲ အခမ်းအနားကို ရန်ကုန်မြို့ စင်ထရယ် ဟိုတယ်၌ ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။

ဤဇာတ်ကားတွင် ဇာတ်လမ်း၊ ဇာတ်ညွှန်းနှင့် ဒါရိုက်တာ အောင်ချမ်းလူ၊ တွဲဖက် ဒါရိုက်တာ ကောင်းမြတ်သူကျော်၊ သရုပ်ဆောင်ချမ်းမင်းရဲထွဋ်၊ နန်းဆုဦး၊ စိုးမြတ်သူဇာ၊ ထူးခြား၊ ဇင်မျိုး၊ ဒေါင်းဝေ၊ မျိုးမျိုးခိုင်၊ ကလေးသရုပ်ဆောင် ဟိဏ်းသီရိစံနှင့် သရုပ်ဆောင်များစွာတို့က ပါဝင်သရုပ်ဖော်ထားပြီး၊ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားသည်။ 

“၂၀၁၅ ခုနှစ်က ဇာတ်လမ်းတိုလေးတွေ စရေးတယ်၊ မနက်ပိုင်း အပြေးလေ့ကျင့်ရင်း မနက်ခင်းတစ်ခုမှာ ဈေးတွေရောက်တယ်၊ ကားဂိတ်တွေရောက်တယ်၊ အပြင်မှာမြင်တွေ့တဲ့ လူတွေရဲ့ ကာရိုက်တာတွေကို ထိုင်ကြည့်ဖြစ်တယ်၊ နောက်နေ့တိုင်းသွားကြည့်မိတယ်၊ ညဆိုရင်ဘာမြင်ရမလဲဆိုပြီး ညသန်းခေါင်နောက်ပိုင်း သွားကြည့်တယ်၊ ထပ်ဖြည့်ရင်း ဖြည့်ရင်းနဲ့ တော်တော်ရှည်တဲ့ ရုပ်ရှင်ကြီး ဖြစ်သွားတယ်၊ ရုံတင်တဲ့အခါ တစ်ချို့ဇာတ်ဝင် ခန်းတွေတော့ ဖြတ်လိုက်ရတယ်” ဟု ဒါရိုက်တာ အောင်ချမ်းလူက ပြောသည်။ 

“ဒီကာရိုက်တာလေးက နန်းဆုအတွက်က ပထမဆုံးပါ၊ ပရိသတ်ကြည့်ပြီးရင် နန်းဆုတို့ ဘာကိုအဓိကထားပြီး ပြချင်တာလဲ၊ ဘယ်လိုအကြောင်း အရာလေးတွေကို ပညာပေးချင်တာလဲဆိုတာ သိသွားမှာပါ၊ တချို့အကြောင်းအရာတွေကို အပြင်မှာ သတိမထားမိတာတွေရှိတယ်၊ ဒီဇာတ်ကောင် ကာရိုက်တာရဲ့ စိတ်ကိုဖြစ်ဖို့ အတွက် အဲဒီစိတ်နဲ့ နေထိုင်ရတယ်၊ ဇာတ်ကားထဲက ကောင်မလေးရဲ့ဘဝက ပျော်ရွှင်စရာမဟုတ်ဘဲ၊ အခက်အခဲတွေများစွာနဲ့ လျှောက်လှမ်းနေတယ်၊ ကူကယ်ရာမဲ့ဖြစ်တယ်၊ သူက Single Mother တစ်ဦးဖြစ်ပါတယ်” ဟု နန်းဆုဦးက ပြောသည်။ 

၃(က) ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာ ၂၇ ရက်တွင် အထူးပွဲရုပ်ရှင်ပြသ၍ ဇန်နဝါရီ ၂ ရက်တွင် တစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမည်ဟု သိရသည်။  

သန့်ဇင်ဝင်း