နေပြည်တော် ၂၉ ဇူလိုင်

 

စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ Video Conferencing စနစ်ဖြင့် ကျင်းပမည့် (၄၁)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ (41st AIPA General Assembly) သို့ ပါဝင်တက်ရောက်ရေးအတွက် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် လွှတ်တော်ဝင်း၊ ဇမ္ဗူသီရိခန်းမဆောင်၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်က AIPA အထွေထွေညီလာခံကို Virtual နည်းလမ်းဖြင့် ပထမဦးဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း၊ Matters အလိုက် တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ယခင်အတွေ့အကြုံရှိသူအများစုဖြင့် ဖွဲ့စည်းထားကြောင်း၊ ညီလာခံတွင် ဆွေးနွေးရန်ရှိသည်များကို ရရှိသည့်အချိန်အပေါ်မူတည်၍ စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော်၊ AIPA ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းက (၄၁)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ တက်ရောက်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု၊ AIPA National Secretariat မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးဘုန်းကြည်အောင်က (၄၁)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ အစီအစဉ်များ၊ Draft Resolution များနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ကိုယ်စားလှယ်အဖွဲ့ဝင်များက ညီလာခံတွင် Matters အလိုက် ဆွေးနွေးမည့် အဆိုမူကြမ်းများ၊ ညီလာခံအစီအစဉ်နှင့် ကြိုတင်ပြင်ဆင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက က ညီလာခံကို မိမိနိုင်ငံမှပင် Virtual Format ဖြင့် ပါဝင်တက်ရောက်ရသဖြင့် အထောက်အကူပြုနိုင်သည့် အခြေအနေမှာ ယခင်ထက် ပိုမိုအားသာမှုရှိကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာကော်မတီ Matters အလိုက် ပါဝင်ဆွေးနွေးကြမည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် National Secretariat တို့သည် စုစည်းမှုမပျက်စေဘဲ အချိတ်အဆက်မိမိဖြင့် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ယခင်အကြိမ်များထက် ပိုမိုစိတ်ဝင်စားမှု၊ အသင့်ဖြစ်မှု၊ ဂရုစိုက်မှုတို့ရှိရန်လိုကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

သတင်းစဉ်