နေပြည်တော် အောက်တိုဘာ ၂၇
(၄၃)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေး နှင့် သစ်တော ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးနှင့် (၂၁)ကြိမ်မြောက် အာဆီယံ အပေါင်းသုံး လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအစည်းအဝေးတို့ကို ယနေ့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး တက်ရောက်ဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာတွင် ကိုဗစ် ၁၉ ကပ်ရောဂါ ကာလအတွင်း သွင်းအားစုဓါတ်မြေဩဇာဈေးနှုန်း နှင့် ကိုင်တွယ်စရိတ်၊ ကုန်သွယ်မှုစရိတ် ကြီးမြင့်လာခြင်း သည် စိုက်ပျိုး ထုတ်လုပ်သူများ အတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်အဖြစ် တွေ့ရှိရပါ ကြောင်း၊ သို့ပါ၍ ကုန်သွယ်မှု လမ်းကြောင်းများ ချောမွေ့ပွင့်လင်းစေရေးအတွက် အာဆီယံ နိုင်ငံများနှင့် အပေါင်းသုံးနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်ရန် ချမှတ်ထားသည့် လုပ်ငန်းစဉ် များတွင် မြန်မာနိုင်ငံအနေဖြင့် တက်တက် ကြွကြွ ပါဝင်သွားမည်ဖြစ်ကြောင်း ဆွေးနွေးသည်။
(၄၃)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေး နှင့် သစ်တော ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး နှင့် (၂၁)ကြိမ်မြောက် အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တော ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးများ အတွက် အဆင့်မြင့် အရာရှိကြီးများ၏ ကြိုတင် ညှိနှိုင်း အစည်းအဝေးများကို အောက်တိုဘာ (၂၆)ရက် နှင့် (၂၇)ရက် များတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ သဘာပတိအဖြစ် အင်ဒိုနီးရှားနိုင်ငံ က တာဝန်ယူဆောင်ရွက်ခဲ့ပြီး အဆိုပါအစည်း အဝေးများသို့ မြန်မာနိုင်ငံကိုယ်စားပြု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။
(၄၃)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး တွင် အာဆီယံ ဘက်စုံ ထူထောင်ရေး ဆိုင်ရာ မူဘောင်၏ အကောင် အထည်ဖေါ် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခြင်း၊ ကိုဗစ်−၁၉ ကပ်ရောဂါကြောင့် စီးပွားရေး ဆိုင်ရာ ထိခိုက်မှုများ ပြန်လည်ထူထောင်လာစေရေးနှင့် ကြံ့ကြံ့ခံနိုင်စေရေးအတွက် ဆောင်ရွက်ခဲ့သည့် နည်းလမ်းများနှင့်အတွေ့အကြုံများကို ဖလှယ်ခြင်း၊ အာဆီယံ နိုင်ငံများရှိ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် စပ်လျဉ်းသည့် မူဝါဒ မူဘောင်များ အကောင်အထည်ဖေါ် ဆောင်ရွက်မှုကို တင်ပြဆွေးနွေးခြင်း၊ ၂၀၂၁ခုနှစ် တွင် အဓိကရေးဆွဲပြီးစီးခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သစ်တောကဏ္ဍ ဆိုင်ရာ လမ်းညွှန်ချက်များ ၊ သတ်မှတ်ချက် (၉)ခု နှင့် ၂၀၂၂ခုနှစ်တွင် အကောင်အထည်ဖော်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သစ်တော ကဏ္ဍ ဆိုင်ရာ လမ်းညွှန်ချက်(၂၇)ခုတို့ကို ဝန်ကြီးများ၏ အတည်ပြုချက် ရယူခြင်း၊ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် သြစတြေးလျ၊ တရုတ်၊ ဂျာမဏီ၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ အိန္ဒိယ၊ မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သည့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၊ ကမ္ဘာလုံးဆိုင်ရာ တိရစ္ဆာန်ကျန်းမာရေး အဖွဲ့အစည်း၊ အာရှဒေသဖွံ့ဖြိုးရေးအဖွဲ့အစည်း တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအား အကောင်အထည်ဖော်နိုင်ခဲ့မှုနှင့် ရှေ့လုပ်ငန်းစဉ်များအား ဝန်ကြီးများက အတည်ပြုခဲ့ကြပြီး လမ်းညွှန်ချက်များ ချမှတ်ပေးခဲ့ကြသည်။
ယင်းနောက် အာဆီယံ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ၏ (၄၃) ကြိမ်မြောက် အစည်းအဝေးက ထုတ်ပြန်ကြေညာမည့် ပူးတွဲကြေညာချက်ကို အတည်ပြုခဲ့ကြ သည်။
(၂၁)ကြိမ်မြောက် ကျင်းပသည့် အာဆီယံ အပေါင်းသုံး လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအစည်းအဝေးတွင် ကိုဗစ်−၁၉ ကပ်ရောဂါကြောင့် စီးပွားရေး ဆိုင်ရာ ထိခိုက်မှုများအား ပြန်လည်ထူထောင်လာစေရေး နှင့် ကြံ့ကြံ့ခံနိုင် စေရေးအတွက် ဆောင်ရွက်ခဲ့သည့် နည်းလမ်းများနှင့် အတွေ့အကြုံများအား ဖလှယ်ခြင်း၊ အကြိုညှိနှိုင်း အစည်းအဝေးမှ ဆွေးနွေးဆုံးဖြတ်ချက်များဖြစ်သည့် အာဆီယံ အပေါင်းသုံး နိုင်ငံများတွင် စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (၂၀၁၆−၂၀၂၅)၏ အကောင်အထည်ဖေါ် ဆောင်ရွက်ပြီးစီး ခဲ့သည့် လုပ်ငန်းများ၊ ဆောင်ရွက် ဆဲလုပ်ငန်းများ နှင့် ရှေ့လုပ်ငန်းစဉ်များ၊ အာဆီယံ နှင့် အရှေ့အာရှ နိုင်ငံများအတွက် စီးပွား ရေးဆိုင်ရာ သုတေသနအဖွဲ့အစည်းမှ အကောင် အထည်ဖေါ် ဆောင်ရွက်ခဲ့သည့် ကိုဗစ်−၁၉ ကပ်ရောဂါ ကျရောက်ပြီး နောက်ပိုင်း ကာလတွင် အာဆီယံ နိုင်ငံများရှိ စားသောက် ကုန်များ နှင့် စိုက်ပျိုးရေးဆိုင်ရာ ထွက်ကုန်များ တန်ဖိုးမြင့်မားစေရေးအတွက် စားသောက်ကုန် တန်ဖိုး ကွင်းဆက်များနှင့် အအေးခန်း ကွင်းဆက်များ ဖွံ့ဖြိုးတိုးတက် စေရေးတွင် ဒီဂျစ်တယ် နည်းပညာများ အသုံးပြုခြင်း ဆိုင်ရာ သုတေသနစီမံကိန်းမှ ထွက်ပေါ်လာသည့် ရလဒ်များကို တင်ပြဆွေးနွေးခဲ့မှု အပေါ် ဝန်ကြီးများမှ အတည်ပြုခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များအတွက် လမ်းညွှန်ချက်များ ချမှတ်ပေးခဲ့ကြသည်။
ထို့နောက် အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ ၏ (၂၁)ကြိမ်မြောက်အစည်းအဝေးတွင် ထုတ်ပြန်ကြေညာမည့် ပူးတွဲကြေညာချက်ကို အတည် ပြုခဲ့ကြသည်။ ၂၀၂၂ခုနှစ်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပမည့် အာဆီယံ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ၏ (၄၄)ကြိမ်မြောက် အစည်းအဝေး နှင့် အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တော ဆိုင်ရာဝန်ကြီးများ ၏ (၂၂)ကြိမ်မြောက် အစည်းအဝေးကျင်းပမည့် အချိန် နှင့် နေရာတို့ကို ဆွေးနွေး အတည်ပြုခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


