နေပြည်တော် ၂၆ ဖေဖော်ဝါရီ
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၆ ရက်အထိကျင်းပသည့် (၄၃)ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး၏ အဆင့်မြင့်ကဏ္ဍသို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက်တွင် မိန့်ခွန်းတစ်ရပ် ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံ နိုင်ငံခြားရေးမူဝါဒ၏ အခြေခံအုတ်မြစ်ဖြစ်သည်ဟု အလေးအနက် ပြောကြားခဲ့သည်။
ထို့ပြင် ဗီယင်နာ ကြေညာချက်နှင့် လုပ်ဆောင်ချက်အစီအစဉ်တို့ကို အတည်ပြုခဲ့သည့် (၂၇)နှစ်ပြည့် အထိမ်းအမှတ်ကို အမှတ်ရလျက် ပြည်ထောင်စုဝန်ကြီးက “နိုင်ငံများအနေဖြင့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်တို့အား ကာကွယ်မြှင့်တင်ရန် တာဝန်ရှိသည့်နည်းတူ ပြည်တွင်း၌ ဆောင်ရွက်နိုင်သည့် နည်းလမ်းများ မကုန်ဆုံးသည်အထိ အခြားအရေးယူဆောင်ရွက်ခြင်းတို့ မပြုလုပ်သည့် မူဝါဒအား ထောက်ခံအားပေးရမည်ဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေး၏ အနှစ်သာရများသည် ဆက်နွယ်နေကြောင်း၊ ထို့ကြောင့် နှစ်ပေါင်း (၇၀)ကြာ ပြည်တွင်းပဋိပက္ခများ ခံစားခဲ့ရသည့် မြန်မာနိုင်ငံအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ရရှိရေးသည် အရေးအကြီးဆုံး ဦးစားပေးကိစ္စဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား ဆွေးနွေးပွဲသို့ ဖိတ်ခေါ်နိုင်ရေး အစိုးရ၏ ကြိုးပမ်းမှုများနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးမှုဆိုင်ရာ ရရှိမှုများနှင့် တိုးတက်မှုများကို အသိပေးပြောကြားခဲ့သည်။ ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို မကြာမီလများအတွင်း ကျင်းပသွားရန် လျာထားကြောင်း ပြောကြားသည်။
ရခိုင်ပြည်နယ်အရေးနှင့် စပ်လျဉ်း၍ အသိုက်အဝန်းအားလုံးကို ထိခိုက်စေသည့် ရခိုင်ပြည်နယ် ပဋိပက္ခအပေါ် နိုင်ငံတကာအသိုက်အဝန်း၏ စိုးရိမ်ပူပန်မှုများကို အပြည့်အဝ နားလည်ကြောင်းနှင့် ရခိုင်ပြည်နယ်အရေးကိစ္စကိုဖြေရှင်းရန် အစိုးရ၏ ကတိကဝတ်များကို ထပ်လောင်းပြောကြားခဲ့ပြီး ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် အာဆာ၏ ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ခဲ့မှုသည် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများကို အခက်အခဲဖြစ်စေသည်သာမက ရခိုင်ပြည်နယ်အတွင်း လူမှုသဟဇာတဖြစ်ရေး၊ ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းမှုများအား အားလျော့စေကြောင်း ထောက်ပြခဲ့သည်။ ယခုအချိန်တွင် အရေးအကြီးဆုံးမှာ စိစစ်ပြီးသည့် နေရပ်စွန့်ခွာသူများ မိမိဆန္ဒအလျောက် လုံခြုံစွာနှင့် သိက္ခာရှိရှိဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ဝင်ရောက်နိုင်ရေး အမြန်ဆုံးစတင်နိုင်ရန်ဖြစ်ကြောင်း အလေးပေးပြောကြားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအား နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားသည့် သဘောတူစာချုပ်များကို တိကျစွာလိုက်နာ၍ စစ်မှန်သော နိုင်ငံရေးဆန္ဒ၊ ကတိကဝတ်ပြုထားမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပြသရန် တိုက်တွန်းပြောကြားခဲ့သည်။
တာဝန်ခံမှုနှင့် တာဝန်ယူမှုအပိုင်းတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအစိုးရသည် နိုင်ငံတကာဥပဒေများ၏ အခြေခံမူဝါဒများကို အခိုင်အမာလိုက်နာကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) နှင့် ဆက်စပ်၍ ပြည်ထောင်စုဝန်ကြီးက ဇာတ်ကြောင်းပြန်ပြောကြားမှုများကို အခြေမခံဘဲ မျက်မြင်သက်သေ ၁၅၀၀ နီးပါးတို့နှင့် တွေ့ဆုံမေးမြန်းမှုများကို အရင်းခံထားသည့် ICOE ၏ အပြီးသတ် အစီရင်ခံစာကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံ တင်သွင်းခဲ့ကြောင်း၊ သမ္မတရုံးမှ နောက်ထပ်စုံ စမ်းစစ်ဆေးမှုများနှင့် အရေးယူမှုများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ညွှန်ကြားထားကြောင်းနှင့် တပ်မတော်ကလည်း တပ်မတော်သားများက ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံတွေ့ရှိပါက စစ်ဥပဒေချုပ်ရုံးမှ စစ်ဘက်ဆိုင်ရာ တရားဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာထားကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ကုလသမဂ္ဂတည်ထောင်ခြင်း (၇၅)နှစ်ပြည့် ကျင်းပခြင်းနှင့်အတူ လူ့အခွင့်အရေးကော်မရှင်၏ အားနည်းချက်များကို ကိုင်တွယ်ဖြေရှင်းရန် လူ့အခွင့်အရေးကောင်စီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (UPR) သည် တန်းတူအခြေအနေနှင့် တန်းတူပြောရေးဆိုခွင့်တို့ကို အခြေခံကာ လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အကောင်းဆုံးယန္တရားဖြစ်ကြောင်း၊ (၃၇)ကြိမ်မြောက် (UPR) လုပ်ငန်းအဖွဲ့၏ အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ တတိယအကြိမ် (UPR) သုံးသပ်မှုကို ပြုလုပ်ရန်ရှိကြောင်း အသိပေးပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လူ့အခွင့်အရေးကောင်စီ ဖွဲ့စည်းခဲ့သည့်အချိန်တွင် အဖွဲ့ဝင် နိုင်ငံများက မည်မျှမျှော်လင့်ချက်ကြီးကြီး ထားရှိကြောင်းကို “မိမိတို့သည် လူ့အခွင့်အရေး ကောင်စီကို လူ့အခွင့်အရေးကိစ္စအားလုံးအား တန်းတူညီမျှဆက်ဆံသည့်နေရာ၊ ဖွံ့ဖြိုးတိုးတက်မှုကို ဉီးစားပေး ကိစ္စအဖြစ် မှတ်ယူသည့်နေရာ၊ နိုင်ငံများ၏ အချုပ်အခြာအာဏာကို လက်ကိုင်ထားပြီး လုပ်ဆောင်ချက်များ တန်းတူညီမျှမှုရှိစွာ လုပ်ဆောင်၍ စံနှစ်မျိုးကျင့်သုံးမှုအား ရှောင်ကြဉ်သည့်နေရာ၊ ဆင်ခြင်တုံတရား ကင်းမဲ့စွာ တစ်ဖက်သတ် အာဏာသုံးမှုနှင့် လုပ်ပိုင်ခွင့်တို့ကို ခွင့်မပြုသည့်နေရာ၊ ဓနအင်အားကြွယ်ဝမှု အတိုင်းအတာနှင့် နိုင်ငံရေးလွှမ်းမိုးမှုတို့ဖြင့် တန်ဖိုးကို မဆုံးဖြတ်သည့် နေရာဟူ၍ စိတ်ကူးအိပ်မက်ခဲ့ကြောင်း” ပြောကြားခဲ့ပြီး “မိမိတို့၏ စိတ်ကူးအိပ်မက်မှာ ယခုထိ အကောင်အထည်ပေါ်လာခြင်း မရှိသေးပါကြောင်း” ပြည်ထောင်စုဝန်ကြီးက ဆက်လက်ထောက်ပြ ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက “စိတ်ကူးရည်မှန်းချက်များသည် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှုမရှိဘဲ အမှန်တကယ်ဖြစ်မလာကြောင်း” အလေးအနက်ထားပြောကြားပြီး ရည်မှန်းချက်များ ပြည့်ဝရေးနှင့် လူ့အခွင့်အရေးကောင်စီသည် အားလုံးကောင်းမွန်ရေးအတွက် အတူတကွ ကြိုးပမ်းမှုဖြင့် လူသားအားလုံးအတွက် လူ့အခွင့်အရေးအနှစ်သာရများ ခံစားနိုင်ရန် မျှော်လင့်ချက် မီးရှုးတန်ဆောင် အမှန်တကယ်ဖြစ်လာရေး အဖွဲ့ဝင်နိုင်ငံများအားလုံး ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။
သတင်းစဉ်


