နေပြည်တော် ဩဂုတ် ၂၃

 

လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် (၄၄)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးအကြို အဆင့်မြင့် အရာရှိကြီးများ အထူးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို သြဂုတ်၂၂ရက်မှ ၂၃ ရက်အထိ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ အဆင့်မြင့်အရာရှိများ ၊ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ၏ အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာအဆင့်မြင့်အရာရှိ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ကြသည်။

 

(၄၄) ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးအကြို အဆင့်မြင့်အရာရှိကြီးများ အထူးအစည်းအဝေးတွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ အဆင့်မြင့်အရာရှိ လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာန၊ မူဝါဒနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Dr. Thetsaka Saphangthong က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အစည်းအဝေးတွင် အကြိမ်(၄၀)မြောက်နှင့် (၄၁)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများ၊ (၂၉)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ ညှိနှိုင်းအစည်းအဝေးနှင့် (၄၂)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှ ရလဒ်များနှင့် လမ်းညွှန်ချက်များကို အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၏ ကိုယ်စားလှယ်က ဆွေးနွေးတင်ပြသည်။

 

ထို့နောက် ၂၀၂၃ ခုနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့် အရေးကြီးလုပ်ငန်း ၁၆ ခုနှင့် ၂၀၂၄ ခုနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် အဆိုပြုလိုသည့် အရေးကြီးလုပ်ငန်း (၆)ခုတို့နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးကြသည်။

 

ယင်းနောက် အာဆီယံ စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍအောက်ရှိ လုပ်ငန်းအဖွဲ့များမှ ၂၀၂၃ ခုနှစ်အတွင်းကျင်းပခဲ့သော အစည်းအဝေးများ၊ ဆွေးနွေးပွဲများရလဒ်များနှင့် လုပ်ငန်း အကောင်အထည်ဖော်နိုင်မှုများကို ဆွေးနွေးတင်ပြကြပြီး အာဆီယံစားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးဖက်နိုင်ငံများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ အာဆီယံနှင့် အရှေ့အာရှနိုင်ငံများဆိုင်ရာ သုတေသနဌာနနှင့် Grow Asia တို့က ၄င်းတို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးကြသည်။

 

ဆက်လက်၍ (၂၂)ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအစည်းအဝေး၏ အဆင့်မြင့်အရာရှိများ အထူးအစည်းအဝေးတွင် သဘာပတိ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများက ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက် ကြပြီး အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများအကြား စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့်သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ၊ အာဆီယံ အပေါင်းသုံး အရေးပေါ်ဆန် အရန်ရိက္ခာထားရှိရေးနှင့် အာဆီယံစားရေရိက္ခာ ဖူလုံရေးဆိုင်ရာ သတင်းအချက်အလက်စနစ်တို့နှင့် စပ်လျဉ်းသည့် ဖြစ်ပေါ်တိုးတက်မှုများကို ညှိနှိုင်းဆွေးနွေးကြသည်။

 

(၈)ကြိမ်မြောက် အာဆီယံ-ရုရှား လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေးတွင် အာဆီယံနှင့် ရုရှားနိုင်ငံတို့အကြား စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)