နေပြည်တော်၊ ဩဂုတ် ၁၀
နေပြည်တော်ရေဆင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် အပတ်စဉ် စနေနေ့ တိုင်း ကျင်းပသည့် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက (၄၄) ကြိမ်မြောက် ကျင်းပရာ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန မှ စိုက်ပျိုးရေး ပညာရှင်များ၊ သုတေသီများနှင့် နေပြည်တော် ကောင်စီနယ်မြေမှ တောင်သူများ တက်ရောက်၍ ရေမြုပ်ခံစပါးမျိုးများအကြောင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီး ပြည်နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် ပုပ္ပသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်များမှ တောင်သူ (၄၀) အွန်လိုင်းစနစ်ဖြင့် (၁၀၅) ဦး တက်ရောက် ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန စပါးသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးတိုးမင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနအရာရှိ ဒေါက်တာချိုချိုအောင်က ရေမြုပ်ခံစပါးမျိုးများနှင့်ပတ်သက်၍ လိုက်နာရန် အချက်များတင်ပြ ဆွေးနွေးကြပြီး တောင်သူများ၏ မေးမြန်းမှုများကို အသေးစိတ် ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြသည်။ 
ယင်းနောက် ဒုတိယဝန်ကြီးက ယခုကဲ့သို့ ရာသီဥတု ပြောင်းလဲသက်ရောက်မှု ကြုံတွေ့ရသည့် ကာလနှင့် ရေကြီးရေလွှမ်းမှု ကြုံတွေ့ရသည့်ကာလတွင် ရေမြုပ်ခံစပါးမျိုးများနှင့် ပတ်သက်၍ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်နှင့် ရေမြုပ်ခံ စပါးမျိုးများကို တွင်ကျယ်စွာ အသုံးပြုနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောသည်။ 
ယနေ့ဆွေးနွေးပွဲတွင် ရေကြီးနစ်မြုပ်မှုအခြေအနေနှင့် ပြန်လည်စိုက်ပျိုးရာတွင် လိုက်နာရမည့်အချက်များ၊ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသော လယ်ယာမြေများ၌ စပါးပြန်လည်စိုက်ပျိုးရာတွင် လိုက်နာရမည့်အချက်များ၊ ရေကြီးကွင်း ဒေသများအတွက် စပါးမျိုးများမွေးမြူရွေးချယ်ခြင်း၊ ရေမြုပ်ခံစပါး စိုက်ပျိုးနည်းသုတေသန လုပ်ငန်းများ ၊ ရေမြုပ်ခံ စပါးမျိုးများ ဖြန့်ဖြူးမှုနှင့် စမ်းသပ်မျိုးများ၏ ဒေသအလိုက် အထွက်နှုန်းများကို သက်ဆိုင်ရာပညာရှင်များက ဆွေးနွေးတင်ပြကြရာ ဆွေးနွေးပွဲ တက်ရောက်လာကြသူများက သိရှိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက လုပ်ငန်းများကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဒေသများသို့ သွားရောက်ကာ တောင်သူလယ်သမားများနှင့်အတူ မိဘလိုင်းများ ရွေးချယ်မျိုး ကူးစပ်ခြင်းမှ ရရှိလာသည့် ဗီဇကွဲသားဆက်လိုင်းများကို ဒေသအခြေအနေများတွင် ရွေးချယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရန် ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်