မြစ်ကြီးနား ၃၀ မတ် 

 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ လော်ဝေါ်ယဉ်ကျေးမှု ဗိမ္မာန်ဝင်းရှိ ရိုးရာ အိမ်တော်နှင့် ဒူဝါကြီးဦးလော်ဝါးဇောင်းခေါင် အောက်မေ့ဖွယ် ခန်းမဆောင်တွင် မတ်လ ၃၀ ရက် နံနက် ၁၀ နာရီ က လော်ဝေါ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီမှ ကြီးမှူး၍ (၄၄)နှစ်မြောက် လော်ဝေါ် အမျိုးသားစာပေနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် အဖွဲ့အားလော်ဝေါ်ရိုးရာအိမ်တော်သို့ ခေါ် ဆောင်ကြပြီး ရိုးရာအိမ်တော်နာယက အဖွဲ့မှ ဦးဘစပ်ဟောင်းဇယ်က ကြိုဆိုနှုတ်ခွန်းဆက် စကားများ ပြောကြားခဲ့ကာ ဂါရဝပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။

 

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ် (၂၀)သိန်းအား လော်ဝေါ်စာပေနှင့်ယဉ်ကျေးမှု ကော်မတီသို့ ပေးအပ်ခဲ့သည်။ ထို့နောက် ဒူဝါကြီး ဦးလော်ဝါးဇောင်းခေါင် အောက်မေ့ဘွယ်ခန်းမဆောင်တွင် (၄၄)နှစ် မြောက်လော်ဝေါ် အမျိုးသား စာပေနေ့ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး လော်ဝေါ်အနုပညာအဖွဲ့မှ မဒေါ့ဆောလွမ်းနောက တေးသီးချင်း ဖြင့် သီဆိုကြိုဆိုဂုဏ်ပြု ဖျော်ဖြေခဲ့သည်။

 

ဆက်လက်၍ လော်ဝေါ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဌ ဦးရှီးဇော်လွမ်းဇောင်းက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဂုဏ်ပြု အမှာ စကားများ ပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် လော်ဝေါ်စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မ တီအဖွဲ့ဝင်များ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက် အောင် နှင့် တက်ရောက်လာကြသူများက ဇမ်ဂေါအက(မနောအက)ကို အတူပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲ ခဲ့ကြသည်။

 

(၄၄)နှစ်မြောက် လော်ဝေါ်စာပေနေ့နှင့် (၁၄)ကြိမ်မြောက် လော်ဝေါ်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ရွေးချယ်တင်မြှောက်ပွဲကို မတ်လ ၂၉ ရက်နေ့မှ ၃၁ ရက် နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်မည် ဖြစ်သည်။ လော်ဝေါ်(မရူ)မျိုးနွယ်စု အများဆုံး နေထိုင်ကြသည်ဒေသများမှာ ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုးမိတ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ ကွမ်းလုံမြို့ နယ်နှင့် ကျောက်မဲမြို့နယ်တို့တွင် နေထိုင်ကြပြီး မြန်မာနိုင်ငံတွင် လော်ဝေါ်လူဦးရေ လေးသိန်းခန့် နေထိုင်ကြသည်။

 

အခမ်းအနားသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်နှင့် ဇနီး ဒေါက်တာဂျ ကော့ဘူ၊ပြည်နယ်တရားသူကြီးချုပ် ဦးတူးဂျာနှင့်ဇနီး၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးတင်လှိုင်နှင့်ဇနီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လော်ဝေါ်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌ ဦးရှီးဇော်လွမ်းဇောင်းနှင့် ကော်မတီဝင်များ၊ တိုင်းရင်း  သားရိုးရာ အကအဖွဲ့များ၊ ဒေသခံလော်ဝေါ်တိုင်းရင်းသားများ တက်ရောက်ခဲ့ကြကြောင်း ကချင်ပြည်နယ် (ပြန်/ဆက်)မှ သိရသည်။

 

MDN