နေပြည်တော် အောက်တိုဘာ ၃
(၄၅) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် ဖိလစ်ပိုင်နိုင်ငံမှ အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပရာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေး မှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် သန့်လွင်မောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်၊ မူးယစ် ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
အစည်းအဝေးတွင် (၄၄)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများ၏ ASOD-မြန်မာ သဘာပတိဖြစ်သူ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် သန့်လွင်မောင်က (၄၅)ကြိမ်မြောက် အာဆီယံ မူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ သဘာပတိဖြစ်သူ ASOD-ဖိလစ်ပိုင်ထံသို့ သဘာပတိတာဝန်များ လွှဲပြောင်းပေးအပ်ပြီး ASOD-ဖိလစ်ပိုင် သဘာပတိက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
အစည်းအဝေးတွင် ASOD-မြန်မာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က အာဆီယံဒေသကို မူးယစ်ဆေးဝါး ပြဿနာမှ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် လိုအပ်ကြောင်း၊ ASOD- မြန်မာ ၏သဘာပတိတာဝန်ယူဆောင်ရွက်ခဲ့သည့် အချိန် ကာလများအတွင်း ASOD ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပံ့ပိုးကူညီခဲ့ကြသော အာဆီယံအတွင်း ရေးမှူးရုံးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးကို အထူးကျေးဇူး တင်ရှိကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ ASOD ခေါင်းဆောင်များဦးဆောင်သည့် ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးရုံး၊ AFP ၊ UNODC နှင့် ကိုလံဘိုစီမံကိန်းမူးယစ်ဆေးဝါးအကြံပေးအစီအစဉ်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များက နိုင်ငံတကာ၊ ဒေသတွင်းနှင့် အမျိုးသား ရေးဆိုင်ရာ တရားမဝင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကြိုးပမ်းချက်များနှင့်ပတ်သက်၍ သဘောထား အမြင်များဖလှယ်ခြင်း၊ ယခင်အစည်းအဝေးများအပေါ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှုအခြေအနေများ၊ အာဆီယံလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅)နှင့်ပတ်သက်၍ အပြီးသတ်သုံးသပ်မှု အခြေအနေများ၊ အာဆီယံ မူးယစ်ဆေးဝါးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးနှင့် ၎င်း၏ လုပ်ငန်းခွဲများအတွက် လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်ချက်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ (၆၇) ကြိမ်မြောက် CND ၏ရလဒ်များနှင့် CND ၏ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကဏ္ဍတွင် အာဆီယံပူးတွဲကြေညာချက်ထုတ်ပြန်မှုနှင့်ပတ်သက်သည့် အစီရင်ခံစာကိစ္စရပ်များ၊ (၄၆) ကြိမ်မြောက် ASOD အစည်းအဝေး ကျင်းပနိုင်ရေးကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။
အောက်တိုဘာ ၂ ရက်တွင် (၄၅) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၏ လုပ်ငန်းအဖွဲ့ (၅)ဖွဲ့ ဖြစ်သော ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးရေးလုပ်ငန်းအဖွဲ့၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့၊ တားဆီးနှိမ်နင်းရေးလုပ်ငန်းအဖွဲ့၊ သုတေသန လုပ်ငန်းအဖွဲ့နှင့် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းအဖွဲ့တို့၏ အစည်းအဝေးများကို ကျင်းပခဲ့ရာ အာဆီယံ အဖွဲ့ဝင်(၁၀)နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် ပြည်သူလူထုကို မူးယစ် ဆေးဝါးအန္တရာယ် အသိပညာပေးဆောင်ရွက်နေမှုများ၊ ဆေးစွဲလူနာများ ကုသပေးမှုအခြေအနေ များနှင့် လူမှုအသိုင်းအဝိုင်းတွင် ပြန်လည် ဝင်ဆံ့နိုင်ရေးဆောင်ရွက်နေမှုများ၊ အစားထိုးဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်း/ဒေသပြင်ပ မူးယစ်ဆေးဝါး အခြေအနေများနှင့် ပရီကာဆာဓာတုပစ္စည်းထိန်း ချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုများ၊ ပိုမိုကြီးထွားလာသည့် လူလုပ်မူးယစ်ဆေးဝါးပြဿနာဆိုင်ရာ ကိစ္စရပ်များ၊ ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်းနှင့် (၄၅) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို အောက်တိုဘာ ၄ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


