ရန်ကုန် ၁၅ ဒီဇင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၊ ပြည်ထောင်စုခန်းမတွင် ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၁ နာရီ၌ (၄၅)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော (၄၅)နှစ်မြောက် ရခိုင်ပြည်နယ်နေ့သဝဏ်လွှာအား ဝန်ကြီးချုပ်မှ ဖတ်ကြားပြီး ရခိုင်တံခွန်ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့သည်။ ယင်းနောက် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဝန်ကြီးချုပ်အား ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပြသထားသည့် ဆိုင်ခန်းများအား လိုက်လံရှင်းလင်းပြသခဲ့သည်။

 

ယခုနှစ်ကျင်းပသည့် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယခင်နှစ်များကလို ဝင်ကြေးငွေကောက်ခံခြင်းနှင့် ဆိုင်ခန်းများမြေနေရာ ငှားရမ်းခ ပေးသွင်းစရာမလိုဘဲ အခမဲ့ ဝင်/ထွက်ခွင့်နှင့် ရောင်းချခွင့်ပေးမည်ဖြစ်ကြောင်း သိရပြီး ရခိုင်ရိုးရာ အစားအစာများ၊ စာပေနှင့်  ရိုးရာယဉ်ကျေးမှု  ပြခန်းများ၊ အမှတ်တရပစ္စည်းများ ရောင်းချသည့် ဆိုင်ခန်းများအပြင် ရခိုင့်ရိုးရာကျင်ပွဲ, ခေါင်းအုံးသတ်ပွဲများနှင့် ယခင်နှစ်များက မကျင်းပသည့် အမျိုးသမီးလွန်ဆွဲပွဲကို ဒီနှစ်မှာ ထည့်သွင်းကျင်းပမည် ဖြစ်ကြောင်း၊ ဆုချီးမြှင့်ငွေကိုလည်း ယခင်နှစ်ကထက် ဆုကြေးငွေ တိုးမြှင့်ထားကြောင်း ကျင်ဒိုင်တစ်ဦးဖြစ်သူ ကိုဝတီရာဇာက ပြောသည်။

 

ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ အပါအဝင် ပြည်တွင်း ပြည်ပနိုင်ငံများတွင် ရောက်ရှိနေကြသည့် ရခိုင်လူမျိုးများက နှစ်စဉ်ကျင်းပပြုလုပ်ကြပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် မြို့နယ်တစ်ချို့တွင် ကျောင်းသူ/ကျောင်းသားများက စာစီစာကုံးပြိုင်ပွဲ၊ စာပေဟောပြောပွဲ၊ ပျော်ပွဲရွှင်ပွဲ၊ စျေးရောင်းပွဲတော်များကို ကျင်းပပြုလုပ်ကြကြောင်း သိရသည်။       

ဆန်းကျော်ဦး (ပြန်/ဆက်)