နေပြည်တော် အောက်တိုဘာ ၂၄
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၄၆) ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို အောက်တိုဘာ (၂၂) ရက်မှ (၂၅) ရက်အထိ အွန်လိုင်းစနစ်ဖြင့် ကျင်းပလျက်ရှိသည်။
အောက်တိုဘာ (၂၄) ရက် နံနက် (၈) နာရီခွဲတွင် ကျင်းပသည့် (၄၆) ကြိမ်မြောက် အာဆီယံ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး၌ (၄၅) ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး၏ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် မလေးရှားနိုင်ငံ၊ စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေး ဝန်ကြီး H.E Hon. Datuk Seri Haji Mohamad Bin Sabu နှင့် အိမ်ရှင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် တို့က အဖွင့်အမှာစကားများ ပြောကြားကြသည်။
ထို့နောက် မလေးရှားနိုင်ငံ စိုက်ပျိုးရေးနှင့် စားရေရိက္ခာ ဖူလုံရေးဝန်ကြီးဌာန ဝန်ကြီးက မြန်မာနိုင်ငံစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ (၄၆) ကြိမ်မြောက် လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ၏ သဘာပတိတာဝန်များကိုလွှဲပြောင်း ပေးအပ်သည်။
အစည်းအဝေး ပထမနေ့တွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် တီမောလက်စ်တေနိုင်ငံမှ လယ်ယာစိုက်ပျိုးရေး သစ်တောဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်၊ အဆင့်မြင့်အရာရှိများ၊ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၂၃-၂ဝ၂၄ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အာဆီယံ စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ အဓိကလုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်၊ သီးနှံ အကြွင်းအကျန်များ မီးရှို့ရှင်းလင်းခြင်းလျှော့ချနိုင်ရေးဆိုင်ရာ အာဆီယံလမ်းညွှန်ချက်များ၊ အန္တရာယ် ဖြစ်စေနိုင်မည့် စိုက်ပျိုးရေးဆိုင်ရာ ဓါတုပစ္စည်းများ အသုံးပြုခြင်းအား လျှော့ချနိုင်မည့် လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်အားထိခိုက်မှု လျော့နည်းစေရေး သဘာဝအခြေခံဖြေရှင်းသည့် နည်းလမ်းများ၊ အပြာရောင်အဏ္ဏဝါစီးပွားရေးစနစ် ဖော်ဆောင်ရေးလုပ်ငန်းများ၊ ဒီဂျစ်တယ် နည်းပညာ အသုံးပြုနိုင်ရေးနှင့် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးကြသည်။
ဆက်လက်၍ နိုင်ငံအသီးသီးမှ ဝန်ကြီးများက အာဆီယံ စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်တွင် ပါဝင်သောလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများကို ပြန်လည်သုံးသပ်ခြင်း၊ အာဆီယံစားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ အဓိကလုပ်ငန်းစဉ် (၁၆) ခု၊ လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့စဉ်ကာလအတွင်း ဆောင်ရွက်ခဲ့သည့် စီးပွားရေးနှင့် သက်ဆိုင်ရာ ဦးစားပေးလုပ်ငန်းစဉ် (၂) ခုနှင့် မလေးရှားနိုင်ငံမှ ဆောင်ရွက်မည့် စီးပွားရေးနှင့် သက်ဆိုင်ရာ ဦးစားပေးလုပ်ငန်းစဉ် (၁) ခုတို့ကို အတည်ပြုခြင်း၊ လုပ်ငန်းရပ် (၁၁) ခုကို မှတ်တမ်းတင်ခဲ့ခြင်းနှင့် အာဆီယံအသိုက်အဝန်း (၂၀၄၅) ၏ မျှော်မှန်းချက်နှင့် ကိုက်ညီမှုရှိသည့် အာဆီယံစိုက်ပျိုးရေး၊ စားရေရိက္ခာနှင့် စိုက်ပျိုးရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ် (၂၀၂၆-၂၀၃၀) ရေးဆွဲရာတွင် ထည့်သွင်းရမည့် အဓိကလုပ်ငန်းစဉ်များနှင့် လုပ်ငန်းရပ်များအပေါ် လမ်းညွှန်မှုပြုခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ဆောင်ရွက်စဉ်ကာလအတွင်း “ အာဆီယံနိုင်ငံများတွင် ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်ရန် သီးနှံအကြွင်းအကျန်များဆိုင်ရာ အချက်အလက်များအပေါ် လေ့လာဆန်းစစ်၍ ဇီဝမီးသွေး ထုတ်လုပ်နိုင်ရေးစီမံကိန်း”ကို အဆိုပြုခဲ့သည်။ အစည်းအဝေးတွင် ဖွံ့ဖြိုးမှုမိတ်ဖက်များဖြစ်သော ERIAI , CropLife Asia , US-ASEAN Business Council , EU-ASEAN Business Council တို့မှလည်း ပါဝင်ဆွေးနွေးခဲ့ကြပြီး (၄၆) ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအစည်းအဝေး၏ ပူးတွဲကြေညာချက်ကိုလည်း အတည်ပြုခဲ့ကြသည်။
ဝန်ကြီးများ အစည်းအဝေးများမတိုင်မီ ကြိုတင်ပြင်ဆင်သည့် အစည်းအဝေးများဖြစ်သည့် (၄၆) ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးအတွက် အဆင့်မြင့်အရာရှိများ အစည်းအဝေး၊ (၂၄) ကြိမ်မြောက် အာဆီယံ အပေါင်းသုံးနိုင်ငံများ၏ လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်သည့် အဆင့်မြင့်အရာရှိများ အစည်းအဝေး၊ (၈) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်သည့် အဆင့်မြင့်အရာရှိများ အစည်းအဝေးများကို အောက်တိုဘာ (၂၂) ရက်နှင့် (၂၃) ရက်များတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ အဆင့်မြင့်အရာရှိဖြစ်သူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက အစည်းအဝေးများ၏ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြသည်။
အာဆီယံ အပေါင်းသုံးနိုင်ငံ အစည်းအဝေးများနှင့် အာဆီယံအပေါင်း အိန္ဒိယအစည်းအဝေးများကို အောက်တိုဘာ (၂၅) ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



