၈ နိုဝင်ဘာ

 

အမေရိကန်နိုင်ငံရဲ့ ၄၆ ယောက်မြောက် သမ္မတဖြစ်လာမယ့် ဂျိုးဘိုင်ဒင်ဟာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးသမား တစ်ယောက်အဖြစ် နှစ်ပေါင်းဆယ်ချီပြီး ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။

 

အသက် ၇၇ နှစ်အရွယ် ဘိုင်ဒင်ရဲ့ အိမ်ဖြူတော်ခရီးဟာ ရှည်လျားပြီး အနိမ့်အမြင့်တွေနဲ ကြုံတွေ့ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အိမ်ဖြူတော်ကို သမ္မတအဖြစ် ရောက်ရှိတော့မှာ ဖြစ်ပါတယ်။

 

အမေရိကန်နိုင်ငံရဲ့ ၄၆ ယောက်မြောက် သမ္မတဖြစ်လာမယ့် ဂျိုးဘိုင်ဒင်ဟာ အမေရိကန်သမိုင်းမှာ အသက်အငယ်ဆုံး လွှတ်တော်အမတ်နဲ့ အသက်အကြီးဆုံးသမ္မတ ဖြစ်လာမယ့်သူအဖြစ် သမိုင်းဝင် အဖြစ်အပျက်ကို လုပ်ဆောင်နိုင်သူ ဖြစ်ပါတယ်။

 

အထက်လွှတ်တော်အမတ် ဘဝအစ

 

ဒယ်လဝဲပြည်နယ်မှာ ဒေသခံ နိုင်ငံရေးသမားဘဝကို ၁၉၇၂ ခုနှစ်တွင် အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။ ဘိုင်ဒင်ဟာ အသက်အငယ်ဆုံး အထက်လွှတ်တော်အမတ်ဖြစ် အမေရိကန်သမိုင်းမှာ  မှတ်တမ်းတင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

 

အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရပြီး သီတင်းပတ်များအတွင်းမှာ ဘိုင်ဒင်ရဲ့ဇနီးနဲ့ သမီးတို့ကားတိုက်မှုနဲ့ သေဆုံးခဲ့ပါတယ်။ သားနှစ်ယောက်ကို ပြုစုစောင့်ရှောက်ရန်အတွက် ရွေးကောက်ခံ အမတ်နေရာကနေ စွန့်လွှတ်မယ်လို့ ထင်ထားပေမယ့် ၁၉၇၃ ခုနှစ် ဇန်နဝါရီ ၅ ရက်မှာ ကျမ်းကျိန်ခဲ့ပါတယ်။ ဘိုင်ဒန်ဟာ ၂၀၀၈ ခုနှစ်အထိ ရွေးချယ်ခံခဲ့ရပါတယ်။

 

mdn

 

ကျောင်းကားပေါ်လစီကို ဆန့်ကျင်သူဘိုင်ဒင်

 

၁၉၇၀ ခုနှစ်များမှာ လူဖြူကလေးတွေများတဲ့ကျောင်းမှာ လူမည်းကလေးတွေကို တက်ရောက်ပညာသင်မယ့်  ပူးတွဲပညာရေးစီမံကိန်း ရှိခဲ့ပါတယ်။ အဲဒီစီမံကိန်းမှာ လူမည်းကလေးဖြစ်တဲ့ ဒုသမ္မတဖြစ်လာမယ့် ကာမာလာ ဟားရစ်ဟာ ကျောင်းကားစီးနင်းသူ ဖြစ်ပါတယ်။ အဲဒီကျောင်းကားစီမံကိန်းကို ဆန့်ကျင်ခဲ့တဲ့ ဂျိုးဘိုင်ဒင်ကို ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်စဉ် တစ်လျှောက်လုံးမှာ ကာမာလာဟားရစ်က ဂျိုးဘိုင်ဒင်ကို တိုက်ခိုက်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဘိုင်ဒင်က ဟားရစ်ကို ဒုသမ္မတလောင်းအဖြစ် ရွေးချယ်ပြီး နိုဝင်ဘာ ၃ ရက်နေ့ ရွေးကောက်ပွဲကို အတူဝင်ခဲ့ပါတယ်။

 

သမ္မတလောင်းရွေးချယ်ပွဲကို ပါဝင်ခဲ့ဖူးသူ ဘိုင်ဒင်

 

၁၉၈၇ ခုနှစ်မှာ သမ္မတရွေးကောက်ပွဲကို စတင်ယှဉ်ပြိုင်ဖူးသူဖြစ်ပါတယ်။ အဲဒီအချိန်မှာ အသက် ၄၀ ကျော်ဖြစ်ပြီး အဲဒီအချိန်က မဲဆွယ်ဟောပြောပွဲတွေမှာ အချက်အလက် မမှန်တာတွေကို ပြောကြားခဲ့တဲ့အတွက် အရှက်ကွဲပြီး ထွက်ခွာခဲ့ရပါတယ်။

 

အီရတ်စစ်ပွဲ

 

၂၀၀၂ ခုနှစ်မှာ အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီရဲ့ ဉက္ကဋ္ဌဖြစ်တဲ့ ဘိုင်ဒင်ဟာ အီရတ်စစ်ပွဲကို ထောက်ခံခဲ့သူ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူမှားယွင်းခဲ့ကြောင်း ဝန်ခံပြောကြားပါတယ်။

 

mdn

 

အိုဘားမားရဲ့ ဒုတိယသမ္မတ

 

ဘိုင်ဒင်ကို အိုဘားမားက ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် ဇန်နဝါရီမှာ  အိမ်ဖြူတော်ကို ဒုတိယသမ္မတအဖြစ် ရောက်ရှိလာသူဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၈၀၀ ဘီလီယံတန် အမေရိကန်စီးပွားရေး ပြန်လည်တိုးတက်အောင် ဆောင်ရွက်ရေးအစီအစဉ်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

 

၂၀၁၆ ခုနှစ် သမ္မတရွေးပွဲမှာ ဘိုင်ဒင်က သမ္မတအဖြစ် ရွေးချယ်ခံယူဖို့ စဉ်းစားခဲ့ပေမယ့် သားဖြစ်သူ သေဆုံးခဲ့တဲ့အတွက် သမ္မတရွေးချယ်ခံဖို့ အစီအစဉ် ရွှေ့ဆိုင်းခဲ့ပါတယ်။

 

အိမ်ဖြူတော်သို့

 

၂၀၁၉ ခုနှစ်မှာ သမ္မတ ဒေါ်နယ်ထရမ့်ကို ယှဉ်ပြိုင်မယ့် သမ္မတလောင်းအဖြစ် စတင်မဲဆွယ်ခဲ့ပါတယ်။ အစပိုင်းမှာ ဒီမိုကရက်ပါတီရဲ့ ထောက်ခံမှုကို ရရှိရန်ဆောင်ရွက်ရာမှာ အတက်အကျတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ သမ္မတထရမ့်ကို ဒုတိယအကြိမ် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့်ကို အမေရိကန်နိုင်ငံသားတွေက ငြင်းပယ်ခဲ့ပါတယ်။

 

MDN

ကိုးကား - AFP