နေပြည်တော် ၁၀ ဇန်နဝါရီ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဆေးသုတေသနဦးစီးဌာနတွင် ကျင်းပသည့် (၄၇) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။
ယခုပြုလုပ်သော ကျန်းမာရေး သုတေသနညီလာခံကြီးသည် သုတေသနပညာရှင်များ၊ ဆေးပညာရှင်များ၊ စီမံခန့်ခွဲသူများ အားလုံးအတွက် အတွေ့အကြုံနှင့် အသိပညာများ မျှဝေရာ နေရာကြီးလည်းဖြစ်ကြောင်း၊ ညီလာခံတွင် တင်ပြဆွေးနွေးကြသည့် သုတေသန တွေ့ရှိချက်များနှင့် အကြံပြုချက်များကို နေ့စဉ်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများတွင် လက်တွေ့အသုံးချ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
ဝန်ကြီးဌာနမှ အသုံးချ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်(၂၀၁၇-၂၀၁၈)ခု ဘဏ္ဍာနှစ်တွင် ခွင့်ပြုဘဏ္ဍာငွေ ကျပ်သန်း(၁၀ဝ၀)၊ (၂၀၁၈)ခု ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ ကျပ်သန်း(၅၀ဝ)၊ (၂၀၁၈-၂၀၁၉)ခု ဘဏ္ဍာနှစ်တွင် ကျပ်သန်း (၁၅၀ဝ)ကို ခွင့်ပြုချထားပေးခဲ့ပြီး လာမည့်ဘဏ္ဍာနှစ်အတွက်လည်း ပိုမိုခွင့်ပြုချထားပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ ဘဏ္ဍာငွေများကို အသုံးပြု၍ ဝန်ကြီးဌာနရှိ စီမံချက်လုပ်ငန်းများ၏စီမံခန့်ခွဲအုပ်ချုပ်မှု၊ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်များ ပိုမိုတိုးတက် မြင့်မားစေရန်အတွက် လက်တွေအသုံးချ သုတေသနများ တိုးမြှင့်လုပ်ဆောင်ကြပါရန် တိုက်တွန်းပါကြောင်း။
INGO/ NGOများ၊ အခြားအဖွဲ့အစည်းများအနေဖြင့်လည်း ဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆေးသုတေသနဦးစီးဌာန၏ လူပုဂ္ဂိုလ်များအပေါ် သုတေသန စမ်းသပ်မှုဆိုင်ရာ ကျင့်ဝတ်ကော်မတီ (သို့မဟုတ်) ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၏ institutional review board များထံမှ စိစစ်ခွင့်ပြုချက်ကို ရယူပြီး ကျန်းမာရေး သုတေသနများ ပိုမိုတိုးမြှင့်လုပ်ဆောင်သွားကြရန် တိုက်တွန်းပါကြောင်း။
မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသန မှတ်ပုံတင်စနစ် (Myanmar health research registry) ကိုလည်း ဆောင်ရွက်လျက်ရှိပြီး သုတေသနဆောင်ရွက်မှု အားနည်းလျက်ရှိသော အရေးကြီးကဏ္ဍများကို စိစစ်သုံးသပ်ပြီး ဦးစားပေး ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်)တွင် သုတေသနဆိုင်ရာ စွမ်းရည်မြှင့် certificate သင်တန်းများ စတင်ပြုလုပ်လျက်ရှိပြီး နိုင်ငံတကာ တက္ကသိုလ် များနှင့်လည်း ချိတ်ဆက်၍ ပညာသင်များ စေလွှတ်သင်ကြားလျက်ရှိပါကြောင်း။
ယခုညီလာခံကြီးတွင် သုတေသနပိုစတာပေါင်း ၉၀ နှင့် စာတမ်း ၁၄၁ ခုတို့ကို ဖတ်ရှုဆွေး နွေးသွားကြမည်ဖြစ်ပြီး ယခင်နှစ်များနှင့်နှိုင်းယှဉ်လျင် အရည်အတွက်သာမက အရည်အသွေးပါ မြင့်မားလာသည်ကိုတွေ့ရှိရကြောင်း၊
ယခုညီလာခံ၏ ခေါင်းစဉ်ဖြစ်သော “Ensure WASH: A global agenda to improve quality of life”နှင့်အညီ ရေ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းကဏ္ဍများမှ လစ်ဟာချက်များ၊ လိုအပ်ချက်များကို အစိုးရ၊ ပညာရပ်နယ်ပယ် အသီးသီးမှ ပညာရှင်များ၊ မိတ်ဖက် အဖွဲ့အစည်းများ အားလုံးပူးပေါင်းဆောင်ရွက်၍ လူနေမှုဘဝအရည်အသွေး မြင့်မားတိုးတက်ရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ညီလာခံတွင် ခင်းကျင်းပြသထားသည့် ကျန်းမာရေးဆိုင်ရာ သုတေသန ပိုစတာများနှင့် ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သဘာပတိအဖြစ်လည်းကောင်း၊ ဆေးသုတေ သနဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးက တွဲဖက်သဘာ ပတိအဖြစ် လည်းကောင်း ဆောင်ရွက်ကာ ညီလာခံ စာတမ်းဖတ်ပွဲအစီအစဉ်ကို ဆက်လက်ကျင်းပသည်။
ညီလာခံကို ဇန်နဝါရီ ၇ ရက်မှ ၁၁ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
(သတင်းစဉ်)