ပေါက် ၁ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်သည် အဓိကချောင်းမကြီး နှစ်ချောင်းဖြစ်သော ယောချောင်းနှင့် ကျောချောင်းတည်ရှိရာ မြို့နယ်ဖြစ်ပြီး ပေါက်မြို့အရှေ့ဘက် တစ်မိုင်ခန့်အကွာ ပခုက္ကူမြို့ အနောက်ဘက် ၄၇ မိုင်ခန့် အကွာတွင် တည်ရှိသော အမှတ် (၁) ပေါက်ယောချောင်းတံတား (အုန်းတော) တံတား အောက်ဘက်ရှိ ယောချောင်းဘေးတွင် နှစ်သစ်ကို ကြိုဆိုသောအားဖြင့် ဒီဇင်ဘာ ၃၁ ရက်ရုံးပိတ်ရက်တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေသူများ ဒေသခံ ပြည်သူများနှင့် စည်ကားလျက်ရှိသည်။
ထိုသို့အပန်းဖြေရာတွင် (၄၇) မိုင် ယောချောင်းသာ အပန်းဖြေစခန်းမှ ဒေသထွက် အစားအစာများနှင့် ရေကစားသူများ အဆင်ပြေစေရန်အတွက် ဘောကွင်းများ၊ ရေလယ်အဆောက်အဦစင်များ၊ မျှော်စင်များ ဆောင်ရွက်ထားကြောင်း သိရသည်။
ဝန်ဆောင်ခအနေဖြင့် ရေလယ်အဆောက်အဦစင်တစ်ခုကို တစ်နာရီလျှင် ငွေကျပ် ၃၀၀၀ ပေး ဆောင်ရပြီး ဘောကွင်းတစ်ခုလျှင် တစ်နာရီ ငါးရာကျပ်နှင့် အစားအသောက်အနေဖြင့် မိမိတို့နှစ်သက်သည့် အစားအသောက်ပေါ်မူတည်၍ ပေးဆောင်ရပြီး ပျော်ရွှင်စွာ ရေကစားအပန်းဖြေသူများနှင့် စည်ကားလျက်ရှိ ကြောင်းသိရသည်။
ဉာဏ်တိုး (ပေါက်)