စစ်တွေ   ဒီဇင်ဘာ   ၁၆

 (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ကိုင်ပွဲ ရွှေမောင်းတန်းဗိုလ်လုပွဲ၊ ငွေမောင်းတန်းဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းက စစ်တွေမြို့ဝင်္ကဘာကွင်း၌ ကျင်းပသည်။ 

ကျင်ပွဲဆုပေးပွဲမတိုင်မီ ရခိုင်ပြည်နယ်အနှံအပြားမှ ငွေမောင်းတန်းကျင်သန်များ၊ ရွှေမောင်းတန်း ကျင်သန်များ ကမိမိတို့အတန်းအလိုက် ယှဉ်ပြိုင်ကြသည်။ ထို့နောက် ငွေမောင်တန်း ပထမဗိုလ်လုပွဲ တွင် ကိုခိုင်မြတ်၊ (ပုဏ္ဏားကျွန်း)နှင့် ကိုထွန်းလင်း (ပုဏ္ဏားကျွန်း)တို့ ယှဉ်ပြိုင်ကြရာ ကိုခိုင်မြတ်၊ (ပုဏ္ဏားကျွန်း)က အနိုင်ရရှိပြီး ပထမငွေမောင်းကိုရရှိသွားသည်။ ဆက်လက်၍ ရွှေမောင်းတန်း ပထမ ဗိုလ်လုပွဲတွင် ကိုမင်းမင်းထွန်း(ပေါက်တော-သဝင်ချောင်း)နှင့် ကိုမောင်မောင်စိုး ကျောက်တော်တို့ ယှဉ်ပြိုင်ကြရာ ကိုမင်းမင်းထွန်း(ပေါက်တော-သဝင်ချောင်း) က အနိုင်ရရှိပြီး ပထမရွှေမောင်းကို ရရှိသွား သည်။

ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ငွေမောင်းတန်း ပထမ၊ ဒုတိယနှင့်ပူးတွဲတတိယ ဆုရရှိကြသူ များကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးက ငွေမောင်း ဆုတံဆိပ်၊ စလွယ်နှင့် ငွေသားဆုတို့အားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရွှေမောင်းတန်း ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို ရွှေမောင်းဆုတံဆိပ်၊ စလွယ်နှင့် ငွေသားဆုတို့အားလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ကိုင်ပွဲသို့ ရခိုင်ပြည်နယ်အတွင်းမှ ငွေမောင်းတန်း ကျင်သန် ၁၃၀ နှင့် ရွှေမောင်းတန်း ကျင်သန် ၂၇ ဦး ရောက်ရှိယှဉ်ပြိုင်ကြကြောင်း သိရသည်။ ရွှေမောင်းတန်း ပထမဆု ငွေကျပ် ၃၂ သိန်း၊ ဒုတိယဆု ငွေကျပ် ၂၄ သိန်း၊ ပူးတွဲတတိယဆု ငွေကျပ် ၁၆ သိန်း စီပေးအပ်ချီးမြှင့်ခဲ့ပြီး ငွေမောင်းတန်းတွင် ပထမဆု ငွေကျပ် ၂၄ သိန်း၊ ဒုတိယဆု ငွေကျပ် ၁၆ သိန်း၊ ပူးတွဲတတိယဆု ငွေကျပ် ၁၂ သိန်းစီ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။  

တင်ထွန်း(ပြန်/ဆက်)