နေပြည်တော်၊ စက်တင်ဘာ ၈

စနေနေ့တိုင်း ကျင်းပလျက်ရှိသည့် (၄၇) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယမန်နံနက်ပိုင်းက နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ကျင်းပပြီး သီးနှံ စိုက်ပျိုးထုတ်လုပ်မှုအတွက် ဘက်စုံအာဟာရဓာတ် စီမံခန့်ခွဲခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ စိုက်ပျိုးရေး ပညာရှင် သုတေသီများ၊ ဒေသခံတောင်သူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများက On Line  ဖြင့်တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက လူထုအခြေပြု သဘာဝမြေဩဇာ ထုတ်လုပ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်  မြေဆီလွှာနှင့် ရေသိပ္ပံပညာဌာန တွဲဖက်ပါမောက္ခ ဒေါက်တာယင်းမာစိုး၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန စိုက်ပျိုးရေးဆိုင်ရာ သဘာဝအရင်းအမြစ်များ သုတေသနဌာနခွဲ မြေဆီလွှာသိပ္ပံသုတေသနဌာနစု သုတေသနမှူး ဒေါက်တာနီနီတင့်နှင့် ပါရဂူတန်း ကျောင်းသူ မမျိုးသန္တာခိုင်တို့က သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် ဘက်စုံအာဟာရဓာတ် စီမံခန့်ခွဲခြင်းဆိုင်ရာ သုတေသနတွေ့ရှိချက်များနှင့် လက်တွေ့ဆောင်ရွက်ချက်များ၊ တောင်သူ့အကျိုးစီးပွား ဖြစ်ထွန်းစေနိုင်မှု၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေသော ရေရှည်တည်တံ့သည့် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းအဖြစ် အကျိုးပြုနိုင်မှုတို့ကို ဆွေးနွေးဟောပြောကြသည်။    

ထို့နောက် တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို သက်ဆိုင်ရာ ပညာရှင်များက ပြန်လည်ဖြေကြားကြပြီး ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်