စစ်တွေ ဒီဇင်ဘာ ၁၄
၂၀၂၁ ခုနှစ် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီက စစ်တွေမြို့ ကမ်းနားလမ်းစာတိုက်ကြီးအနီး၌ ကျင်းပသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်ရောက်မည့် အားကစားသမားများက နေရာယူကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက အလံဖြင့်အချက်ပြကာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ဝီစီမှုတ်ပြီး တာလွှတ်ပေးကြသည်။ ထို့နောက် အားကစားသမားများသည် ကမ်းနားလမ်းစာတိုက်ကြီးအနီးမှ ကမ်းနားလမ်းအတိုင်း စစ်တွေဗျူးပွိုင့်၊ စစ်တွေဟိုတယ်ကမ်း ခြေအထိ၊ ထို့မှတစ်ဆင့် စတင်တာလွှတ်သည့် စာတိုက်ကြီးရှေ့သို့ ပြန်လည်ပန်းဝင်ကြသည်။
ထို့နောက် အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသော အားကစားသမားများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ဆုများပေးအပ်ချီးမြှင့်ပြီး အမျိုးသား မီနီမာရသွန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသော အားကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ်က ဆုများပေးအပ်ချီးမြှင့်ကြသည်။ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိကြသော အားကစားသမား ၁၀ ဦးကို ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်ကလည်းကောင်း၊ အမျိုးသား မီနီမာရသွန်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိကြသော အားကစားသမား ၁၀ ဦးကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကလည်းကောင်း ဆုများပေးအပ်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများသည် ဆုရရှိသော အားကစားသမားများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။
(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် ပြိုင်ပွဲအားကစားသမား ၁၁၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)