စစ်တွေ နိုဝင်ဘာ ၁၁
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ အနှစ်သာရရှိရှိ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေး ဦးစီးကော်မတီနှင့် လိုအပ်သောလုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကော်မတီအလိုက်အချိန်ယူ၍ ဆောင်ရွက်ရမည့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီ ပြိုင်ပွဲနှင့် အခြားပြိုင်ပွဲများ၊ နယ်ပယ်အသီးသီးမှ သက်ဆိုင်ရာကဏ္ဍအလိုက် ထူးချွန်စွာဆောင်ရွက် ခဲ့သူများကို စီမံ၊ စီးပွား၊ လူမှုထူးချွန်ဆုများ ချီးမြှင့်ပေးရန်ရှိသဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူးက (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ လျာထားဖွဲ့စည်းမှုကို ရှင်းလင်း တင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဦးစီးကော်မတီနှင့် လုပ်ငန်း ကော်မတီများတွင် ဌာနဆိုင်ရာဝန်ထမ်းများ ထည့်သွင်းဖွဲ့စည်းနိုင်ရေးနှင့် လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
(သတင်းစဉ်)