ရန်ကုန် ၁၉ ဇန်နဝါရီ

 

“ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်စို့ - Fighting together against the COVID-19” ဆောင်ပုဒ်ဖြင့် (၄၉) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံကို ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန ရုံးချုပ်၌ Virtual Conference ဖြင့် ကျင်းပသည်။

 

အဆိုပါ ညီလာခံတွင် ကျန်းမာရေးဆိုင်ရာ သုတေသီပညာရှင်များ၏ သုတေသနတွေ့ရှိ ချက်များကို တင်ပြဆွေးနွေးခြင်း၊ အမြင်ချင်း ဖလှယ်ခြင်းတို့အပြင် ယခုနှစ်တွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေခြင်းနှင့် တိုက်ဆိုင် နေသည့်အတွက် မြန်မာသုတေသီများ၏ လေ့လာတွေ့ရှိထားသော ကိုဗစ်-၁၉ ဆိုင်ရာ သုတေသနတွေ့ရှိချက်များကိုလည်း တင်ပြ ဆွေးနွေးကြသည်။ ။

 

ထို့ပြင် ညီလာခံတွင် သုတေသနစာတမ်း (၂၈) စောင်၊ အသုံးချ သုတေသနစာတမ်း (၃၂) စောင်၊ ကျန်းမာရေးစနစ် သုတေသနစာတမ်း (၂၉) စောင်နှင့် သုတေသနပိုစတာ (၇၅) စောင် တို့ကို တင်သွင်းဖတ်ကြားပြသသွားမည်ဖြစ်ပြီး ပြည်တွင်းမှ မြန်မာသုတေသီများသာမက အမေရိကန်၊ ဩစတြေးလျနှင့် ကိုရီးယားသမ္မတ နိုင်ငံတို့မှ သုတေသီများပါ တက်ရောက်၍ ပူးပေါင်းပါဝင် ဆွေးနွေးကြသည်။ ။

 

သို့ပါ၍ မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံနှင့် ပတ်သက်၍ ညီလာခံသို့ တက်ရောက်လာကြသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ရေးသား တင်ပြလိုက်ရပါသည်။

 

ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း

ညွှန်ကြားရေးမှူးချုပ်၊ ဆေးသုတေသနဦးစီးဌာန

 

ဒီနေ့ကျင်းပတဲ့ ညီလာခံကတော့ နှစ်စဉ် နှစ်တိုင်း ကျင်းပမြဲဖြစ်တဲ့ မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ဖြစ်ပါတယ်။ အခုဆိုရင် (၄၉) ကြိမ်တိုင်ခဲ့ပါပြီ။ ဒီတစ်ခေါက် မှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားတဲ့အချိန်နဲ့ တိုက်ဆိုင်တာကြောင့် Virtual Conference နဲ့ ကျင်းပဖို့ စီစဉ်ဆောင်ရွက်ခဲ့ကြတာပါ။ အခုလိုဆောင်ရွက်ဖို့ စာတမ်းကြီးကြပ်ရေးအဖွဲ့တွေ ဖွဲ့စည်းတယ်။ ပြန်ကြားရေးကော်မတီတွေဖွဲ့စည်းတယ်။ ဒီလိုအဆင့်ဆင့် ဖွဲ့စည်းပြီး စာတမ်းကြီးကြပ်ရေး ကော်မတီကနေ စာတမ်းတွေကို အခြေခံသုတေသနစာတမ်း၊ အသုံးချသုတေသနစာတမ်း၊ ကျန်းမာရေး သုတေသနစာတမ်း၊ လူမှုရေးနဲ့ပတ်သက်တဲ့ သုတေသနစာတမ်းတွေ၊ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်၊ ထိန်းချုပ်၊ ကုသတဲ့နေရာမှာ တွေ့ကြုံရတဲ့ ဘက်ပေါင်းစုံက စာတမ်းတွေကို နည်းပေါင်းစုံနဲ့ သေချာစနစ် တကျစိစစ်ပြီး (၄၉) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံမှာ တင်သွင်းပြီး ဖတ်ကြားပြသမှာဖြစ်ပါတယ်။

 

တင်သွင်းတဲ့ သုတေသန စာတမ်းရှင်တွေကိုလည်း အလေးဂရုပြုတဲ့အနေနဲ့ ဆုချီးမြှင့်သွားမယ်။ လူငယ်သုတေသီတွေကို သုတေသန လုပ်ဆောင်ချင်တဲ့ စိတ်ဓာတ်တွေ၊ သုတေသန မျိုးစေ့လေးတွေ ရှင်သန်လာစေဖို့ ဦးတည်ချက်တွေနဲ့ လူငယ်သုတေသီဆုကိုလည်း ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ဆေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်နဲ့ နှီးနွယ်နေတဲ့ တက္ကသိုလ်တွေ အားလုံးမှာ သုတေသနက မရှိမဖြစ် အရေးကြီးပါတယ်။ တက္ကသိုလ်တစ်ခု အဆင့်အတန်းမြင့်လာဖို့က သုတေသန မပါလို့မဖြစ်သလို သုတေသနသည် အခြေခံကျောရိုး ဖြစ်ပါတယ်။ ဒါကြောင့် သုတေသနကဏ္ဍမှာ သုတေသန လုပ်ချင်တဲ့စိတ်၊ သုတေသနလုပ်တယ်ဆိုရင် ဘယ်လိုမျိုး တိုးတက်ကောင်းမွန်လာနိုင်တယ်ဆိုတဲ့ အသိတွေကို သိရှိဖို့အတွက် အခြေခံပညာကျောင်းများကနေ စတင်ပြီးတော့ သုတေသနမျိုးစေ့တွေကို အခုကတည်းက စတင်ပြီးတော့ ရင်းနှီးမြှုပ်နှံပြီး သင်ကြားပေးခဲ့မယ်ဆိုရင် နောင်တစ်ချိန်မှာ မြန်မာနိုင်ငံ မှာ သုတေသနလုပ်ချင်တဲ့သူတွေလည်း များလာမယ်။ သုတေသနလုပ်ဖို့ အခွင့်အလမ်းတွေလည်း တဖြည်းဖြည်း တိုးတက်လာတာနဲ့အမျှထောက်ခံပေးနိုင်မယ်။ သုတေသနလုပ်ကိုင်နိုင်ဖို့ ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးပေးနိုင်မယ့် အခြေအနေတစ်ခုကို ဖန်တီးနိုင်တဲ့ အချိန်အခါလို့ ပြောလို့ရပါပြီ။ ဒါတွေအားလုံးကိုဆောင်ရွက်ကြမယ်ဆိုရင်တော့ နောင်တစ်ချိန်မှာ သုတေသန အဆင့်အတန်းတွေ ပိုမိုပြီးတော့ မြင့်မားလာပြီး အရည်အသွေးရှိတဲ့၊ ကမ္ဘာမှာ ရင်ပေါင်တန်းနိုင်တဲ့ သုတေသန စာတမ်းတွေ ဆက်လက်ပြီးတော့ ထုတ်ပြန် သွားနိုင်မယ်လို့ ယူဆပါတယ်။

 

သုတေသနညီလာခံရဲ့ ထူးခြားချက်က ရာစုနှစ်တစ်ခုမှာ ထူးခြားတဲ့ အဖြစ်အပျက်ပေါ့။ ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်ခဲ့တဲ့နေရာမှာ ဒီရောဂါက တစ်ကမ္ဘာလုံးမှာ ဘယ်လိုကုရမယ် ဆိုတာလည်း မသိပါဘူး။ ရောဂါက ခန္ဓာကိုယ်ကို ဘယ်လို တိုက်ခိုက်တယ်ဆိုတာ စမ်းတဝါးဝါးနဲ့ ကုသရင်းနဲ့ပဲ၊ အတွေ့အကြုံရရင်းနဲ့ပဲ။ ပြုပြင်ပြောင်းလဲပြီး သွားနေရတာဖြစ်ပါတယ်။ ပထမ ဖြစ်ခါစအချိန်မှာ ကုတဲ့ ကုထုံးတွေဟာ အခုအချိန်မှာ သုံးလို့မရတော့တဲ့ အနေအထားတွေလည်း တွေ့ရှိနေရပါတယ်။ အဲဒီလိုမျိုး ပြောင်းလဲနေတဲ့ အနေအထားတစ်ရပ်မှာ ဒီလိုမျိုး ကမ္ဘာ့ကပ်ရောဂါကြီးကို ကုသတဲ့နေရာတွေက ရရှိလာတဲ့အတွေ့အကြုံ၊ တကယ်ဆောင်ရွက်နေတဲ့ ကုသရေး၊ ကာကွယ်ရေး၊ ရောဂါ ရှာဖွေရေး၊ မျိုးဗီဇရှာဖွေရေး အစရှိသဖြင့် သက်ဆိုင်ရာကဏ္ဍအသီးသီးမှာပါရှိတဲ့ ပညာရှင်တွေက သူတို့ တကယ်တွေ့ကြုံ ခဲ့ရတဲ့ လက်တွေ့အတွေ့အကြုံတွေ၊ ဒါတွေကို ပြန်လည်ပြီး တင်ပြခွင့်ရတဲ့ ထူးခြားတဲ့ ညီလာခံကြီးဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ ဆေးပညာသမိုင်းမှာ တကယ်ကို ထူးခြားတဲ့ ညီလာခံတစ်ခုဖြစ်တယ်လို့ ပြောကြားလိုပါတယ်။

 

ပါမောက္ခ ဒေါက်တာဌေးဌေးတင်

ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ)၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန

 

(၄၉) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေး သုတေသနညီလာခံရဲ့ ခေါင်းစဉ်က Fighting together against the COVID-19 ဖြစ်ပါတယ်။ ဘက်ပေါင်းစုံကနေ တစ်နှစ်ကြာမြင့်နေပြီဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်တယ်။ ကာကွယ်တယ်။ ကုသကြတယ်။ အဲဒီအချိန်မှာ ရရှိခဲ့တဲ့သင်ခန်းစာတွေနဲ့ ကောင်းမွန်တဲ့ လမ်းကြောင်းကိုဘယ်လိုဆက်ပြီး လျှောက်မလဲဆိုတာ အဓိကရည်ရွယ်တာ ဖြစ်ပါတယ်။ အဲဒီမှာမှ ဓာတ်ခွဲဆိုင်ရာမှာ အဓိကတာဝန်ယူရတဲ့ မြန်မာနိုင်ငံရဲ့ ဓာတ်ခွဲခန်းတာဝန်ခံ၊ ရောဂါရှာဖွေမှု တာဝန်ခံဖြစ်တဲ့အတွက်ကြောင့် ရောဂါရှာဖွေရေး ရှုထောင့်ကနေပြီး၊ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလလောက်ကနေ စပြီးလုပ်ခဲ့တဲ့ တစ်နှစ်တာ ကာလအတွင်းမှာ ဘာတွေ တွေ့ကြုံခဲ့သလဲ။ ဘယ်လိုအခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့ သလဲ၊ ဘယ်လိုအောင်မြင်မှုတွေ ရခဲ့သလဲ။ ဘယ်လိုထိန်းချုပ်မှုတွေအောက်မှာ ဘယ်လိုမျိုး အခက်အခဲတွေကို ကျော်လွှားပြီး ၂၀၂၁ ခုနှစ် နောက်ပိုင်းကာလတွေမှာ ကိုဗစ်နဲ့ ယှဉ်တွဲနေထိုင်ဖို့ ဘယ်လိုမျိုး ရောဂါရှာဖွေရေး လုပ်ငန်းတွေကို ဘယ်လိုမျိုး တိုးချဲ့သွားမလဲဆိုတဲ့အပိုင်းကနေ ဆွေးနွေးတင်ပြပေးမှာ ဖြစ်ပါတယ်။ ။

 

ကျွန်မတို့က ရောဂါရှာဖွေရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ပြည်သူတွေကို တိုက်ရိုက် ဝန်ဆောင်မှုပေးတဲ့ဌာန ဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ နိုင်ငံခြားမှာ အလုပ်သွားလုပ်ကြမယ့်သူတွေရှိတယ်။ ပြည်ပနိုင်ငံ သင်္ဘောတွေမှာ တာဝန်ထမ်းဆောင်ကြမယ့် သင်္ဘောသားတွေရှိတယ်။ နိုင်ငံခြားကို ဆေးသွားကုမယ့် သူတွေ၊ ပညာတော်သင် သွားမယ့်သူတွေ အများကြီးရှိတယ်။ အဲဒီလိုမျိုး လူတွေအားလုံးဟာ အမြဲတမ်းဒီလိုပဲ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ ၊ မရှိ စစ်ဆေးပြီးတော့မှ ပြည်ပနိုင်ငံတွေကို သွားရောက်ရမှာ၊ ပြည်တွင်းခရီးသွားတွေ လုပ်ရမှာ၊ အစည်းအဝေးတွေ တက်ရောက်ရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရောဂါရှာဖွေရေး လုပ်ငန်းသည် မရှိမဖြစ် လွန်စွာအရေးကြီးတဲ့ ကိစ္စဖြစ်တဲ့အတွက် ဓာတ်ခွဲခန်းတွေ မြန်မြန် တိုးချဲ့နိုင်ဖို့အတွက်၊ ဓာတ်ခွဲခန်းတွေမှာ လိုအပ်တဲ့ စက်ကိရိယာပစ္စည်း ဝယ်ယူရေးတွေ ထောက်ပံ့မှုတွေ မပြတ်လပ်စေဖို့အတွက်၊ နည်းပညာတွေ အားလုံးမှန်ကန်ဖို့အတွက်၊ နောက်တစ်ခုက ဓာတ်ခွဲခန်းတွေ များလာတာနဲ့အမျှ ဓာတ်ခွဲခန်းတွေရဲ့ စံချိန်စံညွှန်းအရည်အသွေးကို ထိန်းချုပ်နိုင်ဖို့အတွက်၊ ဒါတွေကို ဦးစားပေးပြီး ၂၀၂၁ ခုနှစ်မှာ ဆက်လက်ပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ သုတေသန သီးသန့်ရယ်လို့မဟုတ်တောင် လုပ်ဆောင်ချက်တွေကနေ သုတေသနပုံစံကို ဖော်ဆောင်သွားမယ်။ သုတေသနလုပ်ဆောင်ရင်းကနေ တွေ့ရှိတဲ့ ကောင်းမွန်တဲ့ဟာကို လက်တွေ့ အသုံးချမယ်။ နှစ်ဖက်စလုံးမှာ အကျိုးရှိတဲ့ လုပ်ငန်းတွေကို ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။

 

ဒေါက်တာ မြတ်ထွဋ်ညွန့်

ဒုတိယညွှန်ကြားရေးမှူး( သုတေသန) ၊ ဆေးသုတေသနဦးစီးဌာန

 

ဒီနေ့ ညီလာခံမှာ မျိုးဗီဇ ဘယ်လို ပြောင်းလဲသွားတယ်ဆိုတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးသွားမှာ ဖြစ်ပါ တယ်။ SARS-CoV-2 ကိုဗစ်-၁၉ ရောဂါကို ဖြစ်စေတဲ့ ရောဂါဗိုင်းရပ်စ်ပိုးပေါ့။ ဗိုင်းရပ်စ်ပိုးသည် ဘယ်လိုမျိုးနည်းတွေနဲ့ မျိုးဗီဇတွေပြောင်းလဲတတ်တယ်။ ပြောင်းလဲခြင်းအားဖြင့် ဘာတွေဖြစ်လာနိုင်သလဲဆိုတာ ဆေးသုတေသန ဦးစီးဌာနအနေနဲ့ သုတေသနတွေ ဆောင်ရွက်နေတယ်ဆိုတာ ပြောပြမှာ ဖြစ်ပါတယ်။ အကျဉ်းချုပ်ပြောရမယ်ဆိုရင် သက်ရှိတွေအားလုံးသည် မျိုးဗီဇပြောင်းလဲမှုဆိုတာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ လူသားအပါအဝင်အားလုံးသည် မျိုးဗီဇတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတယ်။ မျိုးဗီဇပြောင်းလဲမှု တွေကြောင့် သက်ရှိတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တွေမှာလည်း ပြောင်းလဲသွားတာတွေရှိတယ်။ ရောဂါဖြစ်စေတဲ့ ရောဂါပိုး ဗိုင်းရပ်စ်သည် ပိုပြီးတော့ ကျန်တဲ့ဟာတွေထက်တောင် မျိုးဗီဇပြောင်းလဲမှု ဖြစ်လွယ်ပါတယ်။ ဒါသဘာဝပါ။

 

ကျန်တဲ့ရောဂါပိုးတွေဖြစ်တဲ့ တုပ်ကွေး ရောဂါ၊ အအေးမိရောဂါ စတဲ့ရောဂါပိုးတွေမှာလည်း ဒီလိုမျိုး ဗီဇပြောင်းလဲမှုတွေ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ လက်ရှိမှာ ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါ ဖြစ်နေတဲ့ကာလမှာ SARS-Cov-2က ဘယ်လိုမျိုး ပြောင်းလဲသွားလည်းဆိုတာ ဆေးသုတေသန ဦးစီးဌာနအနေနဲ့ စဉ်ဆက်မပြတ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကိုဗစ် ပထမလှိုင်းလို့ ပြောလို့ရတဲ့ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်မှာ အများကြီးဖြစ်လာတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်ကစပြီး ဆေးသုတေသနဦးစီးဌာနအနေနဲ့ ဓာတ်ခွဲအတည်ပြုလူနာတွေထဲကနေရတဲ့ ဓာတ်ခွဲ အတည်ပြုသုတေသန နမူနာတွေယူပြီးတော့ မျိုးဗီဇတစ်ခုလုံးကို စစ်ဆေးမှုတွေ ဆောင်ရွက် နေတာဖြစ်ပါတယ်။ အခုပြောတဲ့ ယနေ့အထိ ၆၃ ခုကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိ ဆောင်ရွက်ပြီးတဲ့သုတေသန တွေ့ရှိချက်တွေအရ မြန်မာနိုင်ငံမှာ လူတွေအများကြီး စိတ်ဝင်စားနေတဲ့ ယူကေနိုင်ငံက စတင်ပြီးဖြစ်တဲ့ မျိုးဗီဇပြောင်းလဲမှုတွေ၊ တောင်အာဖရိက ကနေတွေ့ရတဲ့ မျိုးဗီဇပြောင်းလဲမှုကြောင့် ပိုပြီးမြန်ဆန်စွာ ကူးစက်ပျံ့နှံ့နိုင်တဲ့ မျိုးဗီဇအမျိုးအစားတွေကို လက်ရှိကာလမှာ ယနေ့ အထိ တွေ့ရှိရခြင်းမရှိသေးပါဘူး။

 

မျိုးဗီဇပြောင်းလဲမှုသည် အချိန်နှင့်အမျှ အချိန်မရွေးပြောင်းသွားနိုင်တယ်။ ပြည်တွင်းမှာရှိတဲ့ အမျိုးအစား ပြောင်းနိုင်သလားဆို ပြောင်းနိုင်တယ်။ သူ့သဘော သဘာဝအရကိုက မျိုးဗီဇပြောင်းလဲမှုတွေသည် အချိန်နဲ့အညီ ပြောင်းသွားနိုင်တယ်။ ပြောင်းသွားခြင်းကြောင့် ကောင်းတဲ့ပြောင်းသွားခြင်းတွေလည်း ဖြစ်နိုင်တယ်။ ဆိုးတဲ့ပြောင်းလဲခြင်းတွေလည်း ဖြစ်နိုင်တယ်။ ဆိုးတာပဲပြောင်းပြောင်း၊ ကောင်းတာပဲပြောင်းပြောင်း ဘာသိဖို့လိုလဲဆိုတော့ ဒီပြောင်းလဲမှုတွေသည် ဘယ်လိုမျိုးပြောင်းလဲ နေပြီလဲ။ ဘယ်လောက်အထိ များများ ပြောင်းလဲနေပြီလဲ။ ဒီပြောင်းလဲခြင်းတွေကြောင့် ဘယ်လိုဖြစ်လာပြီဆိုတာ စဉ်ဆက် မပြတ်စောင့်ကြည့်ဖို့လိုပါတယ်။ အဲဒီလုပ်ငန်းတွေကို ဆေးသုတေသနဦးစီးဌာန၊ ကုသရေး ဦးစီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအောက်က ဌာနတွေနဲ့ပူးပေါင်းပြီး စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်နေပါတယ်။

 

တွေ့ဆုံမေးမြန်း မင်းသစ်(MNA)

ဓာတ်ပုံ-နေလင်း