နေပြည်တော်၊ ၁၈ ဇန်နဝါရီ
(၄၉) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
ရှေးဦးစွာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုနှစ် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကျင်းပချိန်သည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ် ရောဂါဖြစ်ပွားနေချိန်နှင့် တိုက်ဆိုင်နေသောကြောင့် ယခုနှစ် ညီလာခံ ဆောင်ပုဒ်ဖြစ်သော “ကိုဗစ်ရောဂါတိုက်ဖျက်ဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်စို့ (Fighting together against the COVID-19)” သည် အချိန်အခါနှင့် အလွန်သင့်တော် ကောင်းမွန်ပါကြောင်း၊ ညီလာခံတွင် ကိုဗစ်-၁၉ နှင့် ပတ်သက်သော အတွေ့အကြုံ သင်ခန်းစာများဆိုင်ရာ ဆွေးနွေးပွဲလည်း ပါဝင်မည်ဖြစ်ပြီး သုတေသန တွေ့ရှိချက်များနှင့် နယ်ပယ်ကဏ္ဍအလိုက် အတွေ့အကြုံများကို ဆွေးနွေးဖလှယ်ကြမည်ဖြစ်သဖြင့် အဆိုပါ သင်ခန်းစာများကို အခြေခံကာ မိမိတို့ ယခုလက်ရှိကျင့်သုံးနေသော နည်းဗျူဟာနှင့် လုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် သောကြာနေ့၊ ညနေတိုင်း ပုံမှန်ဆောင်ရွက်နေသည့် ဆွေးနွေးဖလှယ်ပွဲ (Friday Health Talk) ကဲ့သို့ပင် ဆေးသုတေသန ဦးစီးဌာနတွင်လည်း ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် မျိုးဆက်သစ် သုတေသနပညာရှင်များ၊ ဦးစီးဌာနများနှင့် တက္ကသိုလ်များမှ ပညာရှင်များစုပေါင်း၍ လုပ်ငန်းကဏ္ဍများ ပိုမိုကောင်းမွန် တိုးတက်စေရေးအတွက် ပညာရပ်ဆိုင်ရာ ဆွေးနွေးပြောကြားမှုများကို မဖြစ်မနေ ဆောင်ရွက်စေလိုပါကြောင်း၊ ယခု အစိုးရလက်ထက် (၂၀၁၆) ခုနှစ်၊ ဧပြီလမှ ယခုအထိ ဆေးသုတေသန ဦးစီးဌာန၏ အရေးပါပြီး အဓိကကျသည့် အောင်မြင်မှုအချို့ကို ပြောကြားလိုပါကြောင်း။
အမျိုးသားအဆင့် ကျန်းမာရေးသုတေသနမူဝါဒကို မြန်မာနိုင်ငံ ကျန်းမာရေးကဏ္ဍဆိုင်ရာ ပြောင်းလဲလာသည့် အခြေအနေများ၊ သုတေသနကဏ္ဍတွင် တိုးတက်မှုများ၊ ရောဂါအမျိုးမျိုး ဖြစ်ပွားမှု အခြေအနေများ၊ ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသော အခြေအနေများနှင့် ကိုက်ညီစွာ (၂၀၁၇) ခုနှစ်တွင် ရေးဆွဲချမှတ်နိုင်ခဲ့ပါကြောင်း၊ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်) တွင် သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာနကို ဖွင့်လှစ်နိုင်ခဲ့ပြီး သုတေသနဆိုင်ရာ သင်တန်းအမျိုးမျိုးကို အဆက်မပြတ် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခု ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလတွင်လည်း အင်တာနက်ကွန်ရက် အသုံးပြုကာ သင်တန်းများ ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း။
နိုင်ငံတော် အစိုးရမှ ငွေကျပ် ၄ ဒသမ ၆၉၆ ဘီလီယံ အကုန်အကျခံ၍ သုတေသန စွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာန အဆောက်အဦသစ်ကို ဆောက်လုပ်လျက်ရှိရာ ယခုနှစ် စက်တင်ဘာလတွင် စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ဆောက်လုပ်မှု လုပ်ငန်းအားလုံး ပြီးစီးမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသန မှတ်ပုံတင်စနစ်နှင့် ကျန်းမာရေးသုတေသန သတင်းအချက်အလက် စနစ်တို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ သုတေသနဆောင်ရွက်မှု အားနည်းလျက် ရှိသော အရေးကြီးကဏ္ဍများကို စိစစ်သုံးသပ်ပြီး ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံ၏ ထူးခြားချက်တစ်ခုမှာ သုတေသနခေါင်းစဉ်ဘဏ်တိုက်ကိုလည်း ထူထောင်နိုင်ခဲ့သဖြင့် သုတေသီများ အနေဖြင့် အဆိုပါဘဏ်တိုက်မှ ကျန်းမာရေးကဏ္ဍအတွက် ဆောင်ရွက်ရန်လိုအပ်သော သုတေသနခေါင်းစဉ်များဖြင့် သုတေသနများ ရွေးချယ်ဆောင်ရွက်နိုင်သည့်အပြင် သုတေသနပြုလုပ်ရန် ဘဏ္ဍာငွေထောက်ပံ့မှုကိုလည်း ပေးနိုင်သည့် အခြေအနေရှိပါကြောင်း။
ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှုဘုတ်အဖွဲ့ အသစ်များကိုလည်း ဝန်ကြီးဌာန၏ တက္ကသိုလ်များ၊ ဆေးရုံကြီးများနှင့် ဦးစီးဌာနများတွင် တိုးချဲ့ဖွဲ့စည်းခဲ့ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ သုတေသနဆောင်ရွက်ရန်နှင့် သုတေသနဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှုများ လုပ်ဆောင်ရန်အတွက် နိုင်ငံတော်မှ ဘဏ္ဍာငွေကျပ်သန်းပေါင်း ၉,၀၀၀ ကျော်ကို ခွဲဝေချထားပေးခဲ့ပါကြောင်း၊ ဤသို့ချထားပေးမှုမှာ ကျန်းမာရေးဝန်ကြီးဌာန စတင်ဖြစ်ပေါ်ခဲ့သည့် အချိန်မှစ၍ ပထမဦးဆုံးအကြိမ်ဖြစ်ပါကြောင်း။
သုတေသနစီမံခန့်ခွဲမှု သင်တန်းလက်စွဲကိုလည်း ပြုစုထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ အခြားသော အောင်မြင်မှုများ လည်းရှိပြီး အဆိုပါတိုးတက်မှုများကြောင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍအတွက် တိုးတက်မှုများ ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ကျန်းမာရေးသုတေသနကဏ္ဍ ပိုမိုတိုးတက်စေရန်နှင့် နိုင်ငံ၏ ကျန်းမာရေးစနစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာရန်အတွက် ယခုဘဏ္ဍာရေးနှစ်မှစတင်၍ ပိုမိုအရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်စေလိုသည့် သုတေသနလုပ်ငန်း စီမံချက်များအနေဖြင့် နိုင်ငံတကာ သုတေသနဌာနများ၊ တက္ကသိုလ်များနှင့် ပူးပေါင်းကာသုတေသန (multicentric research) များ ပိုမိုလုပ်ဆောင်စေလိုပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်၏ စီမံခန့်ခွဲမှုအုပ်ချုပ်မှု၊ ဆေး၊ ဆေးပစ္စည်းနှင့် စက်ပစ္စည်းကိရိယာများ ဝယ်ယူဖြန့်ဖြူး ထောက်ပံ့မှုဆိုင်ရာတို့အတွက် သုတေသနများ ပိုမိုဆောင်ရွက်စေလိုပါကြောင်း၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှု ဘုတ်အဖွဲ့များကိုလည်း ပိုမိုတိုးတက် ကောင်းမွန်စေရေးနှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကျန်းမာရေးဌာနများ၊ တက္ကသိုလ်များနှင့် ဆေးရုံကြီးများတွင် အသစ်တိုးချဲ့ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်စေလိုပါကြောင်း၊ သုတေသနနှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှု ဘုတ်အဖွဲ့ဝင်များအတွက် စွမ်းဆောင်ရည်မြှင့်တင်မှု လုပ်ငန်းများကို ပိုမိုပြုလုပ်စေလိုပါကြောင်း၊ သုတေသနနည်းစနစ်၊ ကျန်းမာရေးစာရင်းအင်းပညာ၊ သုတေသနကျင့်ဝတ်၊ တာဝန်ယူမှုရှိစွာ သုတေသနဆောင်ရွက်မှု၊ ကိုယ်ခန္ဓာခုခံအားဗေဒနှင့် ကာကွယ်ဆေးဗေဒ ဘာသာရပ်များအတွက် မဟာဘွဲ့သင်တန်းများ ဖွင့်လှစ်စေလိုပါကြောင်း။
ဝန်ကြီးဌာန၏ တက္ကသိုလ် ၁၆ ခုနှင့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ၅၃ ခုတို့၏ စာသင်နှစ်များတွင် သုတေသနဆိုင်ရာ သင်ခန်းစာများ ပိုမိုထည့်သွင်းစေလိုပါကြောင်း၊ သုတေသနဆိုင်ရာ certificate သင်တန်းများလည်း ပိုမိုလုပ်ဆောင်စေလိုပါကြောင်း။
ဆေးနှင့်ဆေးပညာနှီးနွှယ် သင်ကြားရေးစနစ် ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် သုတေသနများ ကိုလည်း ပိုမိုလုပ်ဆောင်စေလိုပါကြောင်း၊ အမျိုးသားအဆင့် သုတေသနမူဝါဒနှင့် အမျိုးသားအဆင့် သုတေသနကောင်စီတို့ ပေါ်ပေါက်လာစေရေးအတွက်ကိုလည်း ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်သွားနိုင်ရန် မိမိအနေဖြင့် ပံ့ပိုးမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့သော ညီလာခံကြီးတွင် သူနာပြုများ၊ ကျန်းမာရေးစောင့်ရှောက်မှု အထောက်အကူပြု ပညာရှင်များ၊ အခြေခံ ကျန်းမာရေး ဝန်ထမ်းပညာရှင်များ ပိုမိုတက်ရောက်ပါဝင်နိုင်ရေးနှင့် စာတမ်းများနှင့် ပိုစတာများ ဖတ်ကြားတင်ပြနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မဟာဗျူဟာများ ရေးဆွဲခြင်း၊ အရင်းအမြစ်များ ခွဲဝေသုံးစွဲခြင်းတို့တွင် သုတေသန တွေ့ရှိချက်များအား မည်သည့်အတိုင်းအတာအထိ လက်တွေ့အသုံးချ၍ ဆောင်ရွက်နေသည်ကို ဆန်းစစ်မှုများလုပ်ဆောင်ရန် အထူးအရေးကြီးပါကြောင်း၊ ကျန်းမာရေးသုတေသနများသည် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေးအား ဦးတည်ဆောင်ရွက်ရမည်ဖြစ်ပြီး ဝန်ကြီးဌာနက ပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းတို့က သဘာပတိအဖြစ် ဆောင်ရွက်ကာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုင်ရာ လုပ်ငန်းအတွေ့အကြုံနှင့် သင်ခန်းစာများ ဆွေးနွေးပွဲ (lesson learnt from COVID-19 pandemic symposium) ကို ကျင်းပရာ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိအောင်က ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ကူးစက်ရောဂါဗေဒ ရှုထောင့်မှလည်းကောင်း၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဌေးဌေးတင်က ဓာတ်ခွဲမှုဆိုင်ရာ ရှုထောင့်မှလည်းကောင်း၊ ဆေးတက္ကသိုလ် (၁)၊ အပူပိုင်းနှင့် ကူးစက်ရောဂါပညာဌာနမှ ပါမောက္ခ ဒေါက်တာမိုးမိုးစမ်းနှင့် ဆေးတက္ကသိုလ် (၂)၊ အပူပိုင်းနှင့် ကူးစက်ရောဂါပညာဌာနမှ ပါမောက္ခဒေါက်တာစံပယ်ဖြူတို့က ကိုဗစ်-၁၉ ကုသရေး ရှုထောင့်မှလည်းကောင်း၊ ပြန်လည်သက်သာ ကောင်းမွန်သွားသော ကိုဗစ်-၁၉ လူနာ၏ သွေးရည်ကြည်ဖြင့် ကိုဗစ်-၁၉ ပိုးတွေ့လူနာများအား စမ်းသပ်ကုသနိုင်ရေးအတွက် Ad hoc အကြံပေးအဖွဲ့၏ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာရဲမြက သွေးရည်ကြည်သုံး ကုထုံးနှင့်ပတ်သက်၍လည်းကောင်း၊ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်က SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇတစ်ခုလုံးကို လေ့လာသောသုတေသနနှင့် ပတ်သက်၍လည်းကောင်း တင်ပြဆွေးနွေး ကြသည်။
ထို့နေက် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သဘာပတိများနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးကြသည်။
ဖွင့်ပွဲအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ငြိမ်း) များ၊ ဒုတိယဝန်ကြီး (ငြိမ်း)၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ အမေရိကန်၊ သြစတေးလျနှင့် ကိုရီးယားသမ္မတနိုင်ငံများမှ သုတေသီများ၊ ကျန်းမာရေးဆိုင်ရာ နယ်ပယ်အသီးသီးမှ ပညာရှင်များ၊ သုတေသီများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆေးနှင့်ဆေးပညာဆိုင်ရာ နှီးနွယ် တက္ကသိုလ်များမှ ဆရာ/ ဆရာမများ၊ ဘွဲ့လွန်သင်တန်းသား/ သူများ၊ ကျောင်းသား/ ကျောင်းသူများ နှင့် အခြားစိတ်ပါဝင်စားသူများက တက်ရောက်ကြသည်။
အဆိုပါ ညီလာခံကို ဇန်နဝါရီ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အခြေခံသုတေသနစာတမ်း ၂၈ စောင်၊ အသုံးချသုတေသနစာတမ်း ၃၂ စောင်၊ ကျန်းမာရေးစနစ် သုတေသနစာတမ်း ၂၉ စောင်နှင့် သုတေသနပိုစတာ ၇၅ စောင်တို့ကို တင်သွင်းဖတ်ကြားသွားမည်ဖြစ်သည်။
ညီလာခံတွင် အကောင်းဆုံး အခြေခံသုတေသနစာတမ်း၊ အကောင်းဆုံး လက်တွေ့အသုံးချ သုတေသန စာတမ်း၊ အကောင်းဆုံး လူမှုရေးနှင့် ကျန်းမာရေးစနစ် သုတေသနစာတမ်း၊ အကောင်းဆုံး ပိုစတာနှင့် လူငယ်သုတေသီဆုများအတွက် ပထမ၊ ဒုတိယနှင့် တတိယဆုများ ရွေးချယ်ပေးအပ်သွားမည်ဖြစ်ပြီး ညီလာခံတွင် ဆုရရှိသူသုတေသီများအား ပထမဆု ငွေကျပ် ၁၀ သိန်း၊ ဒုတိယဆု ငွေကျပ် ၈ သိန်းနှင့် တတိယဆု ငွေကျပ် ၆ သိန်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
သတင်းစဉ်


