ရန်ကုန် နိုဝင်ဘာ ၂၈
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ Novotel Hotel တွင် ကျင်းပသည့် အလုပ်သမား ဝန်ကြီးဌာနှင့် IOM တို့ ပူးပေါင်းကျင်းပသော ကျင့်ဝတ်နှင့်ညီသော လုပ်သားစုဆောင်းခြင်းစနစ် အတွက် လုပ်ငန်းဆောင်ရွက်မှုများကို နားလည်မှုမြှင့်တင်စေရေး (၁၉)ကြိမ်မြောက် International Recruitment Integrity System (IRIS) ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လုပ်သားစုဆောင်း စေလွှတ်ပေးသည့် ပြည်ပအ လုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအနေဖြင့် လုပ်သားစုဆောင်းရာတွင် သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ ကောင်းမွန်သည့် စီမံခန့်ခွဲမှုများ ဖြစ်စေရန်၊ စေလွှတ်ထားသည့် လုပ်သားများ၏ အချက်အလက်များ စနစ်တကျ ပြုစုထားရှိရန်နှင့် ကောင်းမွန်သည့် အလေ့အထကောင်းများ ဆောင်ရွက်နိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလက်မှုလုပ်ငန်းရှင်များအသင်း UMFCCI တွင် ကျင်းပသည့် (၅) ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးကွန်ရက်ဆု(ASEAN-OSHNET Award) အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စက်ရုံ၊ အလုပ်ရုံများကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်ဆုများ ချီးမြှင့်လျက်ရှိရာ လက်ရှိအချိန်အထိ ASEAN-OSHNET Excellence ဆုအတွက် စက်ရုံ (၅) ရုံ၊ Best Practices ဆုအတွက် စက်ရုံ (၅) ရုံ၊ စုစုပေါင်း စက်ရုံ (၁၀) ရုံ ဆုချီးမြှင့်ပေးခဲ့ပြီး အာဆီယံ ဒေသတွင်း အဆင့် ယှဉ်ပြိုင်နိုင်စွမ်းပုံရိပ်ကို ထိန်းသိမ်းနိုင်ခဲ့သဖြင့် ဆုရရှိသည့် စက်ရုံများအတွက်သာမက နိုင်ငံအတွက်ပါ ဂုဏ်ယူဝမ်းမြောက်စရာဖြစ်ပါကြောင်း ပြောကြားပြီး (၅) ကြိမ်မြောက် ASEAN-OSHNET Excellence ဆု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စက်ရုံ (၁၀) ရုံ နှင့် Best Practices ဆု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် (၆) ရုံ တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်သည်။
ယင်းနောက် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က (၅)ကြိမ်မြောက် ASEAN-OSHNET ဆုရွေးချယ်ရေး ကော်မတီဝင်များကို ဂုဏ်ပြု မှတ်တမ်းလွှာများ ချီးမြှင့်ခဲ့ပြီး (၅) ကြိမ်မြောက် ASEAN-OSHNET Excellence ဆု နှင့် Best Practices ဆုရရှိခဲ့သည့် စက်ရုံများက လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်မှတ်တမ်း video များကို ပြသသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လှိုင်သာယာမြို့နယ် အတွင်းရှိအလုပ်သမားဝန်ကြီး ဌာနအောက်ရှိရုံးများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် လှိုင်သာယာမြို့နယ်လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင် တန်းကျောင်း (NOSHC) သို့ သွားရောက်ပြီး သင်တန်းခန်းမများ၊ သင်ထောက်ကူပစ္စည်းများနှင့် သင်တန်းကျောင်း ပရဝုဏ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် လှိုင်သာယာမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ တိုင်းရင်းဆေးကုခန်း၊ လူမှုဖူလုံရေးအဖွဲ့ ကဲဝဲလ်ဆေးခန်းတို့၏ ဆေးကုသဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် လူမှုဖူလုံရေးအဖွဲ့ရုံး၊ မြောက်ပိုင်းခရိုင် လူမှုဖူလုံရေးအဖွဲ့ရုံး၊ လှိုင်သာယာ (အရှ့ပိုင်း)မြို့နယ် အလုပ်သမားဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး၊ ရန်ကုန်တိုင်းဒေသကြီး၊ အလုပ်သမား ဆက်ဆံရေး ဦးစီးဌာန တိုင်းဒေသကြီးရုံးနှင့် လှိုင်သာယာ (အရှ့ပိုင်း)မြို့နယ် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန မြို့နယ်ရုံးတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီးလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


