ရန်ကုန်  ၁၇   ဇွန် 

 

(၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်အတွင်း၌ ဇွန်လ ၂၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အပြည်ပြည်ဆိုင်ရာယောဂနေ့ဖြစ်သည့် ဇွန်လ ၂၁ ရက်နေ့၌ ယောဂပညာရပ်ကို သရုပ်ပြကစားရန်အတွက် ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်းပေါင်း ၃၀ ကျော်အား ဖိတ်ခေါ်ထားကြောင်း သိရသည်။ ကမ္ဘာနှင့်တစ်ဝှမ်း သရုပ်ပြလေ့ကျင့်မည့် ယောဂပညာရပ် သရုပ်ပြအစီအစဉ်များကို အိန္ဒိယသံရုံးမှ အဓိကကူညီပေး မည်ဖြစ်ကြောင်း သိရသည်။ 

 

“ယောဂပညာရပ်ဟာ လူတစ်ယောက်မွေးတာကနေ သေတာအထိ ဘယ်လိုနေထိုင်သွားရမလဲဆိုတာကို အကုန်သင်ပေးတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံတွင် ယောဂပညာရပ် ပြန့်ပွားရေးကြိုးပမ်း ဆောင်ရွက်နေသူတစ်ဦးဖြစ်သည့် ဦးခင်မောင်ဆွေက ပြောသည်။

 

ဇွန်လ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်အတွင်း နံနက် ၆ နာရီမှာ ၈ နာရီအထိ သရုပ်ပြလေ့ကျင့်မှုများကို ပြုလုပ်မည်ဖြစ်ပြီး လာရောက်လေ့ကျင့်သူ ၇၀ဝ နီးပါးခန့်ရှိမည်ဖြစ်ကြောင်း ခန်းမှန်းထားသည်။ မြန်မာနိုင်ငံယောဂအသင်းအနေဖြင့် ပြည်သူ့ရင်ပြင်၊ ပန်းကန်လုံးကျွန်း၊ ဗန္ဓုလပန်းခြံတို့တွင် ယောဂပညာရပ် ပြန့်ပွားရေးအတွက် အခမဲ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

နှစ်စဉ် ဇွန်လ ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာယောဂနေ့သတ်မှတ်နိုင်ရေးအတွက် ၂၀၁၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က ကမ္ဘာ့ကုလသမဂ္ဂသို့ တင်ပြခဲ့ရာ နိုင်ငံပေါင်း ၁၇၀ ကျော်က ထောက်ခံခဲ့သည်။ ထိုသို့ဖြင့် ၂၀၁၅ ခုနှစ်မှစ၍ နှစ်စဉ် ဇွန်လ ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာယောဂနေ့အဖြစ်သတ်မှတ်၍ အခမ်းအနားများ စတင်ကျင်းပခဲ့သည်။

 

ထင်ပေါ်ဝင်း၊ ဓာတ်ပုံ - ထိန်လင်း

 

DSC_39