နေပြည်တော် ၁၇ မတ်
၅၀ဝကေဗွီကံကောင်း (မိတ္ထီလာ) - စပါးကြွယ် (တောင်ငူ) မဟာဓာတ်အားလိုင်း ၁၄၆ မိုင် ကြိုးဆွဲလုပ်ငန်းစတင်ဆောင်ရွက်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက မိတ္ထီလာမြို့ရှိအဆိုပါ ဓာတ်အားလိုင်း စီမံကိန်းနေရာ၌ ကျင်းပသည်။
ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ယခု၅၀ဝကေဗွီကံကောင်း (မိတ္ထီလာ) - စပါးကြွယ် (တောင်ငူ) ဓာတ်အားလိုင်းဆောင်ရွက်ပြီးစီးသွားပါက မြန်မာနိုင်ငံမြောက်ပိုင်းရှိ ဓာတ်အားပေး စက်ရုံများမှထွက်ရှိသည့်ဓာတ်အားကိုမြန်မာနိုင်ငံ အလယ်ပိုင်းနှင့်တောင်ပိုင်းသို့ ပို့ဆောင်ရာတွင်ဓာတ်အားပျောက်ဆုံးမှုနည်းပါးစွာနှင့် ပို့ဆောင်နိုင်မည်ဖြစ်သည့် အတွက်ဓာတ်အားစနစ်အတွင်း ဓာတ်အားပျောက်ဆုံးမှုကိုလျှော့ချနိုင်မည်ဖြစ်သည့်အပြင် ဓာတ်အားစနစ်ပြတ်တောက်မှု (System Breakdown) ဖြစ်ပွားမှု အကြိမ်ရေလျော့နည်းစေပြီးဓာတ်အားစနစ်တည်ငြိမ်မှု ပိုမိုရရှိလာမည်ဖြစ်ပါ ကြောင်း၊ ပထမအဆင့်အနေဖြင့် ယခု၅၀ဝကေဗွီကံကောင်း (မိတ္ထီလာ) - စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်းကို ၂၀၁၄ ခုနှစ်တွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး ဓာတ်အားလိုင်း အူကြောင်းရှာဖွေတိုင်းတာခြင်းကို ဝန်ကြီးဌာန၏မြို့ပြအင်ဂျင်နီယာများက AF Consultant ၏အကြံပြုချက်များနှင့်အညီဆောင်ရွက်ခဲ့ပြီး ဖောင်ဒေးရှင်းနှင့်တိုင်ဆင်လုပ်ငန်းများကို ပြင်ပကုမ္ပဏီများသို့ လုပ်ငန်းအပ်နှံဆောင်ရွက်စေခဲ့ပါကြောင်း၊ ဖောင်ဒေးရှင်း၊တိုင်ဆင်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်သည့်အတွက် ကြိုးဆွဲလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်နိုင်ငံတကာစံနှုန်းများနှင့် အညီတင်ဒါ ခေါ်ဆိုခဲ့ပြီးတင်ဒါအောင်မြင်ခဲ့သည့် CEEC နဲ့ SEPCO ကုမ္ပဏီတို့ကိုလုပ်ငန်းအပ်နှံဆောင်ရွက်စေခဲ့ပြီး ကြိုးဆွဲခြင်းလုပ်ငန်းကို (၁၈) လအတွင်းပြီးစီးဆောင်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိနိုင်ငံတော် ဓာတ်အားစနစ်တွင် အမြင့်ဆုံးဓာတ်အားသုံးစွဲမှုမှာ (၃,၆၀ဝ) မဂ္ဂါဝပ်ခန့်ရှိပြီးလက်ရှိအနေအထားအရ မြန်မာနိုင်ငံတွင်နှစ်စဉ်ဓာတ်အားတိုးတက်သုံးစွဲမှုမှာ (၁၅%)မှ (၁၉%) အထိတိုးတက်သုံးစွဲလာသည့်အတွက် ဓာတ်အားလိုအပ်ချက်အတိုင်းထုတ်လုပ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ လက်ရှိလည်ပတ် နေသောရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများနှင့်မကြာမီ တည်ဆောက်ပြီးစီးမည့်နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံများအပြင် LNG ဓာတ်ငွေ့သုံးစက်ရုံများကို လည်းတည်ဆောက်၍ ဓာတ်အားတိုးတက်ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ရေးစီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထပ်မံတိုးတက်ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကိုပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး အတွက် ယခုတည်ဆောက်လျက်ရှိသည့် ၅၀ဝ ကေဗွီကံကောင်း(မိတ္ထီလာ)-စပါးကြွယ် (တောင်ငူ)ဓာတ်အားလိုင်းအပြင် ကိုးရီးယား Exim Bank ချေးငွေနှင့် ၅၀ဝ ကေဗွီစပါးကြွယ်(တောင်ငူ) - ဘုရားကြီးဓာတ်အားလိုင်း(၁၁၇)မိုင်၊ Japan ODA Loan JICA ချေးငွေဖြင့် ၅၀ဝ ကေဗွီဘုရားကြီး - လှိုင်သာယာဓာတ်အားလိုင်း(၆၀)မိုင်နှင့် ဓာတ်အားခွဲရုံ စီမံကိန်းများကိုလည်း မကြာမီ စတင်အကောင် အထည်ဖော်တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် အခြေခံအကျဆုံး ဖြစ်သည့် လျှပ်စစ်ဓာတ်အားကို၂၀၃၀ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး ဦးစားပေးဆောင်ရွက်လျက်ရှိသောကြောင့် မိမိတို့ဝန်ကြီးဌာန၏ဆောင်ရွက်မှုများ အပေါ်ပြည်သူတစ်ရပ်လုံးမှလည်း အားသွန်ခွန်စိုက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် CEEC ကုမ္ပဏီ၏တာဝန်ရှိသူမှ၅၀ဝကေဗွီကံကောင်း (မိတ္ထီလာ) - စပါးကြွယ်(တောင်ငူ) မဟာဓာတ်အားလိုင်း ၁၄၆ မိုင် ကြိုးဆွဲလုပ်ငန်းဆောင်ရွက်မည့် အစီအမံများအားရှင်းလင်းတင်ပြသည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ၅၀ဝကေဗွီကံကောင်း (မိတ္ထီလာ) - စပါးကြွယ်(တောင်ငူ) မဟာဓာတ်အားလိုင်း၁၄၆မိုင်ကြိုးဆွဲလုပ်ငန်းစတင်ခြင်းအထိမ်းအမှတ်အဖြစ် Tensioner Switch အားစက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီးပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများမှ Running Board အားအမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည်၅၀ဝကေဗွီဓာတ်အားလိုင်းကြိုးဆွဲခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့်ပြခန်းအတွင်းတွင် ပြသထားသော ဓာတ်အားလိုင်း တည်ဆောက်ရာတွင်အသုံးပြုသည့် စီမံကိန်းလုပ်ငန်းခွင်သုံးပစ္စည်းများအား လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ မတ်-၁၆ ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိလျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ၂၃၀ ကေဗွီ သပြေဝပင်မ ဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားထိန်းချုပ်ခန်းနှင့် Switchyard အတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


