နေပြည်တော် မေ ၂၄

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်၍ ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်၊ ညွှန်ကြားရေး မှူးချုပ် ဒေါ်ခိုင်ရွှေဝါနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အေစီယူတာဝန်ခံအရာထမ်း တို့သည် ယနေ့ မွန်းလွဲ ၁၂နာရီ၄၅ မိနစ်တွင် အီရန်နိုင်ငံ၊ တီဟီရန်မြို့၌ ကျင်းပသည့် (၅၁)ကြိမ်မြောက် အာရှ ဗဟိုဘဏ်များငွေစာရင်း ရှင်းလင်းရေးအဖွဲ့ (အေစီယူ)ဒါရိုက်တာ အဖွဲ့အစည်းအဝေးသို့ Video Conferencing ဖြင့် တက်ရောက်သည်။  

 

အစည်းအဝေးသို့ အေစီယူအဖွဲ့ဝင်နိုင်ငံ (၉)နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ အီရန်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နီပေါနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဘူတန်နိုင်ငံ၊ မော်လဒိုက်နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်သည်။ ထို့အပြင် ရုရှားနိုင်ငံ၊ အာဖဂန်နစ္စတန်နိုင်ငံ၊ ဘီလာရုစ်နိုင်ငံနှင့် အစ္စလာမ်မစ် ဖွံ့ဖြိုးရေးဘဏ်တို့မှ ကိုယ်စားလှယ်များ သည် လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေး၌ အေစီယူအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုနှင့် အလားအလာများ၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း အေစီယူ၏ ဆောင်ရွက်ချက်များနှင့် တိုးတက်အောင်မြင်မှုများ၊ အေစီယူကျွမ်းကျင်မှု ကော်မတီမှ အကြံပြုတင်ပြချက်များဖြစ်သော နိုင်ငံဖြတ်ကျော် ပေးချေမှုများနှင့် ဗဟိုဘဏ်ဒီဂျစ်တယ် ငွေကြေးဆိုင်ရာ ဆန်းသစ်တီထွင်မှုများ ပိုမိုတိုးတက်လာစေရေး၊ အေစီယူနိုင်ငံများအကြား ပြည်တွင်း သုံးငွေကြေးဖြင့် ပေးချေမှုများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် အေစီယူစနစ် ပိုမိုကျယ်ပြန့် အားကောင်းခိုင်မာလာစေရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တက်ရောက်လာသော အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်များက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)