နေပြည်တော် ဇန်နဝါရီ ၂၆
ကျန်းမာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော “(၅၂)ကြိမ်မြောက်မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” (နောက်ဆုံးနေ့)ကို ယနေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်-၅၊ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)တွင် ကျင်းပသည်။
နံနက်ပိုင်းတွင် သဘာပတိများအဖြစ် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ပါမောက္ခ ဒေါက်တာဖေသက်ခင်၊ ဆေးသုတေသနဦးစီးဌာန၊ လူပုဂ္ဂိုလ်များ သုတေသနစမ်းသပ်မှုဆိုင်ရာကျင့်ဝတ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်သက်ဝေ တို့က ဆောင်ရွက်၍ ကျန်းမာရေးဆိုင်ရာသုတေသနများ ဆောင်ရွက်ရာတွင် သုတေသီတို့အတွက် အရေးကြီးသည့် အလေးထားကျင့်သုံးရမည့်သုတေသနကျင့်ဝတ်များကို မီးမောင်းထိုးပြသ နိုင်ရေးအတွက် “(၅၂)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံ”၏ အဓိကသုတေသနဦးတည်ချက်ခေါင်းစဉ်(Theme)ဖြစ်သည့် “ခိုင်မာပြီးသုတေသန ကျင့်ဝတ် နှင့် ပြည့်စုံသော သုတေသနကောင်းများကို တိုးမြှင့်ဆောင်ရွက်ကြပါစို့ Enhancing Research Integrity and Research Ethics” ဖြင့် ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ကြသည်။
ယင်းနှီးနှောဖလှယ်ပွဲတွင် ဆေးတက္ကသိုလ်(၂)မှ ပါမောက/ဌာနမှူး ပါမောကဇော်ဇော်ဦး က “သုတေသန၏ ကောင်းကျိုးဆိုးကျိုးကိုသုံးသပ်ခြင်းနှင့် ထိခိုက်လွယ်သောလူအုပ်စုများကို အကာအကွယ်ပေးခြင်း”၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဝန်က “သုတေသနတွင်ပါဝင်ရန်သဘောတူခွင့်ပြုချက် ပုံစံများ”၊ ဆေးတက္ကသိုလ်(၁)မှ ဒုတိယပါမောကချုပ် ပါမောက ခင်မာမြင့်က “သုတေသန ဆိုင်ရာခိုးယူခြင်း”၊ ဆေးသုတေသနဦးစီးဌာနမှ သုတေသနမှူး ဒေါက်တာ ကျော်လွင်ရှိုးက “သုတေသနအချက်အလက်ဆိုင်ရာ ကျင့်ဝတ်များ”နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိအောင်က “ပြည်သူ့ကျန်းမာရေးနှင့်ပတ်သက်သော သုတေ သနများဆောင်ရွက်ရာတွင် ရင်ဆိုင်ကြုံတွေ့ရသည့် သုတေသနကျင့်ဝတ်ဆိုင်ရာအခက်အခဲများ” တို့ကို ဆွေးနွေးတင်ပြကြသည်။
ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲတွင် ဝါရင့်သုတေသီကျင့်ဝတ်ဆိုင်ရာ ပညာရှင်များက သုတေသနကျင့်ဝတ်ဆိုင်ရာ နည်းပညာများကို ဆွေးနွေးတင်ပြအတွေ့အကြုံဖလှယ်ခဲ့ကြသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲပြီးနောက် သုတေသနညီလာခံပိတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်သန်းထွန်း က ဝမ်းမြောက်ဂုဏ်ပြုစကားပြောကြားသည်။
ညီလာခံနောက်ဆုံးနေ့၏ ညနေပိုင်းတွင် ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ ဆေးသု တေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်းက အမှာစကားပြောကြားပြီး ဆုရွေးချယ်ရေးအဖွဲ့ဥက္ကဌ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာလှလှဝင်းက ဆုရွေးချယ်ရေးဆိုင်ရာ သုံးသပ်ချက်များနှင့် ဆုရရှိသည့်စာတမ်းများနှင့် ဆုရရှိသည့် ပိုစတာများကို ကြေညာရာ အကောင်းဆုံးအခြေခံ သုတေသနစာတမ်းပထမဆုကို ဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာထင်လင်း နှင့်အဖွဲ့က “၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်ကလေးဆေးရုံကြီးသို့ ဝမ်းလျှောရောဂါကြောင့် တက်ရောက် ကုသမှုခံယူကြသော ကလေးများရှိ ရိုတာဗိုင်းရပ်စ်-အေ အမျိုးအစား၏ ဖြစ်ပွားမှုနှုန်း၊အဖြစ်များသော ရာသီနှင့် ပိုးမျိုးခွဲများပျံ့နှံ့နေပုံတို့ကိုလေ့လာခြင်း၊ (ရန်ကုန်တွင် ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးစတင် တိုက်ကျွေးခြင်း၏ အကျိုးသက်ရောက်မှုကို ကာကွယ်ဆေး စတင်ပြီးစကာလတွင် ဆန်းစစ်လေ့လာခြင်း)” သုတေသနစာတမ်းကလည်းကောင်း၊ အကောင်းဆုံးအခြေခံ သုတေသနစာတမ်းဒုတိယဆုကို ဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာသက်သက်မာ နှင့် အဖွဲ့က “ငန်းတော်ကျားအဆိပ်ဖြေဆေးနှင့် မြွေဟောက်အဆိပ်ဖြေဆေးမှ ငန်းတော်ကျား မြွေဆိပ်ကိုချေဖျက်နိုင်သည့် သတ္တိရှိမရှိကိုလေ့လာခြင်း” သုတေသနစာတမ်းကလည်းကောင်း ရရှိသည်။
အကောင်းဆုံးအသုံးချသုတေသနစာတမ်းပထမဆုကို ဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာ ခင်နှင်းပွင့်နှင့်အဖွဲ့က “မြန်မာဆေးယဉ်ပါးတီဘီလူနာများတွင် လင်နီဇိုးလစ်ဆေး ပမာဏနှစ်မျိုး၏ထိရောက်မှု၊ ဘေးကင်းမှုတို့ကို ခန္ဓာကိုယ်တွင်းဆေးဝါးကြမ္မာ (Pharmacokinetics)နှင့် ဆေးဝါး၏ ခန္ဓာကိုယ်အပေါ် သက်ရောက်မှု (Pharmacodynamics) နည်းလမ်းဖြင့်ရှာဖွေခြင်း” သုတေသနစာတမ်းကလည်းကောင်း၊ အကောင်းဆုံးအသုံးချ သုတေ သနစာတမ်း၊ ဒုတိယဆုကို ဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာအောင်ကျော်ကျော်နှင့် အဖွဲ့က “၂၀၁၈ မှ ၂၀၂၃ခုနှစ် မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ် ရောဂါပိုး၏ မျိုးဗီဇများပြောင်းလဲမှု၊ လူနာများ၏ ကိုယ်ခံစွမ်းအားအခြေအနေ၊ ရောဂါပြင်းထန်မှု အခြေအနေများကိုလေ့လာခြင်း” သုတေသနစာတမ်းကလည်းကောင်း ရရှိသည်။
အကောင်းဆုံးကျန်းမာရေးစနစ် သုတေသနစာတမ်းပထမဆုကို လူထုအခြေပြုကိုဗစ်-၁၉ သုတေသန အဖွဲ့က “ မြန်မာနိုင်ငံ၊ ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားမှုနှင့် ယင်းနှင့် ဆက်စပ်သည့်အကြောင်းအရာများကို ပြည်သူ လူထုအခြေပြုလေ့လာခြင်း” သုတေသနစာတမ်းကလည်းကောင်း၊ အကောင်းဆုံးကျန်းမာရေး စနစ် သုတေသနစာတမ်းဒုတိယဆုကို သူနာပြုတက္ကသိုလ်(မန္တလေး)မှ ဒေါ်အိအိမွန်နှင့်အဖွဲ့က “မန္တလေးပြည်သူ့ဆေးရုံကြီးရှိ ဆေးရုံ၏ကျင့်ဝတ်နှင့် သက်ဆိုင်သောအခြေအနေနှင့် သူနာပြု များ၏ ကိုယ်ကျင့်တရားစောင့်ထိန်းနိုင်မှုအား လေ့လာဆန်းစစ်ခြင်း” သုတေသနစာတမ်းက လည်းကောင်း၊ အကောင်းဆုံးကျန်းမာရေးစနစ် သုတေသနစာတမ်းတတိယဆုကို ဆေးတက္ကသိုလ်(၁)မှ ဒေါက်တာနန်းယုဇနဇော် နှင့်အဖွဲ့က “ဗဟိုအမျိုးသမီးဆေးရုံ၊ ရန်ကုန်သို့ လာရောက်ပြသသော ကလေးရရန်ခက်ခဲသော အမျိုးသမီးများတွင် မျိုးပွားခြင်းနှင့် သက်ဆိုင် သော ဗဟုသုတ၊ ခံယူချက်သဘောထားနှင့် ထိုရောဂါအတွက်ကုသမှုရှာဖွေပုံ အမူအကျင့် များကို လေ့လာခြင်း” သုတေသနစာတမ်းကလည်းကောင်း ရရှိသည်။
အကောင်းဆုံးပိုစတာပထမဆုကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဇော်မြင့် နှင့်အဖွဲ့က “ဆေးတိုးတီဘီကုထုံးမအောင်မြင်သည့် လူနာများတွင်ကောင်းမွန်သော ကုသမှု ဆိုင်ရာ တုံ့ပြန်မှုများတွေ့ရှိ လာခြင်း-ပုံမှန်ရောဂါရှာဖွေစမ်းသပ်မှုများဖြင့် မတွေ့ရှိနိုင်သည့် Rifampicin ဆေးယဉ်ပါးမှုဆိုင်ရာဗီဇ ပြောင်းလဲမှုများကိုဖေါ်ထုတ်ခြင်း၏အရေးပါပုံ” ပိုစတာ ကလည်းကောင်း၊ အကောင်းဆုံးပိုစတာဒုတိယဆုကို ဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာ မောင်မောင်မြနှင့်အဖွဲ့က “တိုင်းရင်းဆေးဘက်ဝင်အသီးမျိုးဖြစ်သော လိမ္မော်ခွံအဆီဖြင့် ခြင်သားလောင်းများသေစေနိုင်စွမ်းနှင့် ခြင်မကိုက်အောင်တားဆီးနိုင်စွမ်းကို သွေးလွန် တုပ်ကွေးရောဂါပိုးသယ်ဆောင်သော အေးဒီးခြင်သားလောင်းများနှင့်ခြင်များပေါ်စမ်းသပ်ခြင်း” ပိုစတာကလည်းကောင်း၊ အကောင်းဆုံးပိုစတာတတိယဆုကို ဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာရီရီကျော်နှင့်အဖွဲ့က “မြန်မာနိုင်ငံတွင် Next Generation Sequencing နည်းလမ်းကို အသုံးပြု၍ အသည်းရောင်အသားဝါဘီပိုးအတွက် မျိုးဗီဇတစ်ခုလုံးစိစစ်ခြင်း နည်းပညာသစ်ဆောင်ရွက်ခြင်း” ပိုစတာကလည်းကောင်း ရရှိသည်။ ဆက်လက်၍ ဆုရွေးချယ်ရေးအဖွဲ့ဝင်များသည် ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


