နေပြည်တော် မတ် ၄

 

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုမြှင့်တင် ဆောင်ရွက်နိုင်ရေးနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများအကြား ဆွေးနွေးညှိနှိုင်းအဖြေရှာ၍ ပူးပေါင်းဆောင်ရွက်မှု အားကောင်း ခိုင်မာလာစေရန် လစဉ်ကျင်းပလျက်ရှိသည့် (၅၃)ကြိမ်မြောက် ဗုဒ္ဓဟူးနေ့စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။

 

အဆိုပါဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ကမ္ဘာ့လူဦးရေတိုးပွားမှုနှင့် ကုန်သွယ်မှု လုပ်ငန်းများ ပိုမိုတွင်ကျယ်လာခြင်းကြောင့် အသား၊ နို့၊ ဥ စသော မွေးမြူရေးထုတ်ကုန်များအပြင် ဦးချို၊ သားရေ၊ အရိုး၊ အမွေး စသည့် တိရစ္ဆာန်ထွက်ပစ္စည်းများကို ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်၌ ဝယ်လိုအား တိုးလာလျက်ရှိကြောင်း၊ မွေးမြူ ထုတ်လုပ်မှုတန်ဖိုး ကွင်းဆက်တစ်ခုလုံး ဟန်ချက် ညီညီ ဖွံ့ဖြိုးတိုးတက်လာစေရန် အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ တောင်သူများ၊ ပညာရှင်များအားလုံး ဝိုင်းဝန်းကြိုးပမ်းမှသာ အောင်မြင်မှု ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မွေးမြူရေးကဏ္ဍမှ အကျိုးအမြတ်တိုးတက် ရရှိစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ဖော်ဆောင်နိုင်စေရန် မျိုးကောင်းမျိုးသန့် တိရစ္ဆာန် မျိုးများကို ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် လိုအပ်သကဲ့သို့ သုတေသနနှင့် တီထွင်ဆန်းသစ်မှုများ မြှင့်တင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း။

 

အလားတူ သုတေသနတွေ့ရှိချက် နည်းပညာများကို မွေးမြူတောင်သူများထံသို့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးခြင်းကို သက်ဆိုင်ရာဦးစီးဌာနများနှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲတွင် တိရစ္ဆာန်နှင့် တိရစ္ဆာန် ထွက်ပစ္စည်းများ ပြည်ပသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဌာနဆိုင်ရာများအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု အားကောင်းစေရန်၊ မူဝါဒနှင့် လက်တွေ့ လုပ်ငန်းများကို ချိတ်ဆက်နိုင်ရန် လက်တွေ့ကျကျ ဆွေးနွေးနိုင်မည့် အရေးပါသည့် ပလက်ဖောင်းတစ်ခုအဖြစ် အသုံးပြုသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ မွေးမြူရေး သုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့မှ ပညာရှင်များက တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့နိုင်မှုအခြေ အနေနှင့် ရင်ဆိုင်ကြုံတွေ့ရသည့် အားနည်းချက်၊ အားသာချက်များ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း တိုးမြှင့်တင်ပို့နိုင်ရေး ရှေ့ဆက်ဆောင်ရွက်သင့်သည့် အကြောင်းအရာများ၊ ရင်းနှီးမြှုပ်နှံရာတွင် အဓိက အရေးပါသည့် မြေယာပိုင်ဆိုင်လုပ်ကိုင်မှုများနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများ၊ မြေအရင်းအမြစ်များနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှု လုပ်ပိုင်ခွင့်ရရှိရန် လိုအပ်ချက်များနှင့် ရှေ့ဆက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ မွေးမြူရေး တိရစ္ဆာန်အစာ ဖူလုံရေးအတွက် အရည်အသွေး ကောင်းမွန်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ၏ အရေးပါမှု၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှု၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တင်ပို့မှုအတွက် လူသားအရင်းအမြစ်၏ အရေးပါမှု၊ တိရစ္ဆာန်မွေးမြူရေး ထုတ်ကုန် တိုးတက်စေရန်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ အခမ်းအနား တက်ရောက်လာကြသူများနှင့် အွန်လိုင်းမှ ပါဝင်တက်ရောက်လျက်ရှိကြသည့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်များက မေးမြန်းခြင်း၊ ဆွေးနွေးအကြံပြုတင်ပြခြင်းများ ဆောင်ရွက်ကြပြီး ဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးများက သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်