ရန်ကုန် ဇန်နဝါရီ ၂၂
ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော (၅၃)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်-၅ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)၌ ဆက်လက်ကျင်းပရာ သုတေသနစာတမ်းရှင်များက သုတေသနစာတမ်း (၁၀)စောင်ကို ဖတ်ကြားတင်ပြကြသည်။
နံနက်ပိုင်းတွင် သုတေသနစာတမ်းများကို ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်နှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(မန္တလေး)တို့မှ ကထိကများ၊ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)မှ သားဖွား၊ မီးယပ် အထူးကုဆရာဝန်၊ တပ်မတော်ဆေးတက္ကသိုလ်မှ အထွေထွေသမားတော်နှင့် ဘွဲ့လွန်သင်တန်းသူများ၊ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် သုတေသနမှူးများက ဖတ်ကြားတင်သွင်းကြပြီး တက်ရောက်လာသူများက မေးမြန်းဆွေးနွေး အကြံပြုကြသည်။
မွန်းလွဲပိုင်းတွင် လူမှုဘဝနေထိုင်မှုနှင့် အစာအာဟာရစားသောက်မှုပုံစံများ ပြောင်းလဲလာခြင်းနှင့်အတူ မကူးစက်တတ်သောရောဂါများ ဖြစ်ပွားမှုတိုးတက်များပြားလာသောကြောင့် ယင်းအပြုအမူများကို ဖော်ထုတ်ခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်သောလူမှုဘဝတိုးတက် လာစေရန်ရည်ရွယ်၍ ကျန်းမာရေးပြဿနာ ဖြစ်စေနိုင်သည့် အချက်အလက်များဖော်ထုတ် ခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော လူမှုဘဝမြှင့်တင်စေရန် ဆောင်ရွက်ခြင်း - Promoting a Healthy Lifestyle Addressing Health Risk Behaviors” ပညာရပ် ဆိုင်ရာနှီးနှော ဖလှယ်ပွဲကို ကျင်းပသည်။
နှီးနှောဖလှယ်ပွဲတွင် ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာရဲတင့်လွင်က “အထိုင်လျော့ပါ၊ များများလှုပ်ရှားပါ- လေ့ကျင့်ခန်းသည်ဆေးဖြစ်သည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသီတာဝင်းက “မြန်မာနိုင်ငံအတွင်း ဆေးရွက်ကြီး ထိန်းချုပ်ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ် ကျန်းမာရေး ညွှန်ကြားရေးမှူး ဒေါက်တာထွန်းညွန့်ဦး က “လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများနှင့် HIV ရောဂါကိုကာကွယ်ခြင်းဖြင့် ကျန်းမာရေးကိုထိန်းသိမ်းခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးတက္ကသိုလ်(၂) (ရန်ကုန်)တွဲဖက်ပါမောက္ခ ဒေါက်တာမျိုးကျော်သူက “ကျန်းမာရေး ထိခိုက်စေသော အပြုအမူများကို ဖြေရှင်းနိုင်သော လူနေမှုပုံစံများအား စိတ်ကျန်းမာရှုထောင့်မှတင်ပြခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကြေးမုံထွေး က “အာဟာရသည် ကလေးဘဝမှ အသက်အရွယ်ကြီးသူများအထိ ကျန်းမာရေးကိုမည်ကဲ့သို့ထောက်ပံ့ပေးပြီး အန္တရာယ်ရှိသောအပြုအမူများကို မည်ကဲ့သို့ကာ ကွယ်ပေးခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားတင်သွင်းကြပြီး တက်ရောက်လာသူများ က မေးမြန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


