နေပြည်တော်၊နိုဝင်ဘာ ၃၀
(၅၄)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးဆောင်ခန်းမ၌ “သီးထပ်သီးနှံ စိုက်ပျိုးနည်းစနစ်များနှင့်သုတေသန ရလဒ်များ” ခေါင်းစဉ်ဖြင့်ကျင်းပသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က သက်ဆိုင်ရာဌာနများအနေဖြင့် တောင်သူများနှင့် စဉ်ဆက်မပြတ် ထိတွေ့ကာ လုပ်ကွက်ငယ်တောင်သူများအတွက် အကျိုးအမြတ်များ ပိုမိုရရှိနိုင်စေမည့် တစ်ပိုင်တစ်နိုင် မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကူညီအားပေးရန်လိုကြောင်း၊ မိမိတို့၏စိုက်ပျိုးသူ တောင်သူများအနေဖြင့် ဈေးကွက်အခြေပြု စိုက်ပျိုးနည်းစနစ်နှင့် သီးနှံမျိုးစုံစိုက်စနစ်မျှခြေရှိမှသာ ပိုမိုအဆင်ပြေမည် ဖြစ်ပါကြောင်း။ 
ပညာရှင်များအနေဖြင့် တောင်သူများ၏ တိုင်းရင်းရိုးရာ စိုက်ပျိုးနည်းပညာ ဗဟုသုတများ မှတ်တမ်းတင်ထားစေလိုကြောင်း၊ တောင်သူများအနေဖြင့်လည်း ရာသီဥတုနှင့် ပတ်သက်၍ မှတ်တမ်းထားနိုင်ရေးအတွက် သက်ဆိုင်ရာဒေသဝန်ထမ်းများက အကူအညီပေးကြစေလိုကြောင်း၊ မိုးရွာသည့်ရက်နှင့် ပမာဏအနည်းအများ၏ မှတ်တမ်းများနှင့် ပြက္ခဒိန်မှတ်တမ်းများကို နှစ်အလိုက် မှတ်တမ်းထားရှိစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနအရာရှိ ဦးကျော်မြိုင်က “သီးထပ်သီးနှံ စိုက်ပျိုးနည်းစနစ်များ နှင့်သုတေသနရလဒ်များ” ခေါင်းစဉ်ဖြင့် သီးနှံပုံစံ စိုက်ပျိုးမှုစနစ်များ(တစ်သီး၊ နှစ်သီးမှ သုံးသီးကို သီးလှည့် (Crop Rotation)၊ သီးထပ် (SequentialCropping)၊ သီးညှပ် (Intercropping)၊ သီးရော (Mixed Cropping)နှင့်သီးနှံစုံ အကန့်လိုက် (Strip Cropping) စိုက်ပျိုးမှုစနစ်) များကို တင်ပြဆွေးနွေးပြီး တောင်သူများက သိရှိလိုသည်များ မေးမြန်းကြရာ ဒုတိယဝန်ကြီး က ဖြည့်စွက် ရှင်းလင်းဆွေးနွေးသည်။
ယနေ့ကျင်းပသည့် (၅၄) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနများမှ တာဝန်ရှိသူများ၊ သုတေသီများ၊ စိုက်ပျိုးပညာပေးပညာရှင်များနှင့် ပုဗ္ဗသီရီမြို့နယ်မှ တောင်သူ (၄၀) တို့ တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများက Zoom point (၄၀) မှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်