ရေဦး ၂၂ စက်တင်ဘာ
(၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့တွင် စက်တင်ဘာ ၂၁ ရက် နံနက် ၇ နာရီက ရေဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ညွှန့်ဝင်း ဦးဆောင်သော မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရေဦးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်းရဲတပ်ဖွဲ့ဝင် (၄၇)ဦးတို့သည် ရေဦးမြို့ ခုတင် (၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ဆေးရုံတွင် တက်ရောက် ဆေးကုသလျက်ရှိသော လူနာ (၁၅၀)ဦးအား အာဟာရဒါန လှူဒါန်းကုသိုလ်ပြုခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၅ ဦးနှင့် တပ်ဖွဲ့ဝင်မိသားစု ၁ ဦးတို့မှ သွေးလှူဒါန်းခဲ့ရာ ရေဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူး ညွှန့်ဝင်း ဦးစီးအဖွဲ့မှ လိုက်လံကြည့်ရှု၍ ဂုဏ်ပြုအားပေးစကား ပြောကြားကာ သွေးအလှူရှင်များကို ကြက်ဥ၊ ငှက်ပျောသီးနှင့် သံဓာတ်အားဆေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အလားတူ စက်တင်ဘာ ၈ ရက် နံနက် ၇ နာရီက ရေဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်စုစုပေါင်း (၄၀)ဦးတို့သည် ရေဦးမြို့ မင်္ဂလာရာမဘုန်းတော်ကြီး ကျောင်းအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးသောက် (ရွှေဘို)