နေပြည်တော်၊ ဇူလိုင် ၅
(၅၆)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲတွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် လာအိုနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။
အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံမှ ဥက္ကဋ္ဌနှင့် လာအိုနိုင်ငံမှ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ခေါင်းဆောင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံဆိုင်ရာ အဖွဲ့အစည်းများဖြစ်သည့် အာဆီယံ-တရုတ် ဗဟိုဌာန၊ အာဆီယံ-ဂျပန် ဗဟိုဌာန၊ အာဆီယံ-ကိုရီးယား ဗဟိုဌာန၊ အာဆီယံခရီးသွားလုပ်ငန်းအသင်း၊ အာဆီယံခရီးသွားလုပ်ငန်း သုတေသနအဖွဲ့၊ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ၊ နိုင်ငံတကာ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများဖြစ်သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ၊ ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်းအဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ ခေါင်းဆောင်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်၍ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အာဆီယံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်အရ မြန်မာနိုင်ငံအပါအဝင် သက်ဆိုင်ရာဦးဆောင်နိုင်ငံများမှ ဆောင်ရွက်လျက်ရှိသည့် အာဆီယံခရီးသွားလုပ်ငန်းမဟာ ဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၅) အကောင်အထည်ဖော်မှု၊ ခရီးသွားလုပ်ငန်း စျေးကွက်မြှင့် တင်ရေးမဟာဗျူဟာ (၂၀၂၁-၂၀၂၅) အကောင်အထည်ဖော်ဆောင်မှု၊ အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အပြန်အလှန် အသိအမှတ်ပြုရေးအစီအစဉ်အရ လုပ်ငန်းစီမံကိန်း ၂၀၁၉-၂၀၂၃ အကောင်အထည်ဖော်ဆောင်မှု၊ ကိုဗစ်-၁၉ အလွန် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေး လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ အာဆီယံဗဟိုဌာနများဖြစ်သည့် အာဆီယံ-တရုတ် ဗဟိုဌာန၊ အာဆီယံ-ဂျပန် ဗဟိုဌာန၊ အာဆီယံ-ကိုရီးယား ဗဟိုဌာနများ၏ အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု၊ အာဆီယံနှင့် ဆက်စပ်နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုဗစ်-၁၉ အလွန်ဒေသတွင်းခရီးသွား လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ခြင်းဖြင့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ထို့အပြင် ယခုကျင်းပသည့် (၅၆)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ အစည်းအဝေးနှင့်အတူ ဆက်စပ်အစည်းအဝေးများဖြစ်သည့် (၄၁)ကြိမ်မြောက် အာဆီယံ+တရုတ်၊ ဂျပန်၊ ကိုရီးယား ခရီးသွားလုပ်ငန်းအာဏာပိုင် အဖွဲ့အစည်းအဝေးနှင့် (၂၈)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ခရီးသွား လုပ်ငန်းအဖွဲ့အစည်းအဝေးများကို ဇူလိုင် ၆ ရက်တွင် ဆက်လက်ကျင်းပ၍ အာဆီယံဒေသတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းအချက်အလက်မျှဝေရေး၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ ပြည်သူအချင်းချင်း ကူးလူးဆက်သွယ်ရေး၊ အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ထူထောင်ရေးနှင့် ဘေးကင်းလုံခြုံ၍ အရည်အသွေးပြည့်ဝသော ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရေး လုပ်ငန်းစဉ်များတွင် မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ အပါအဝင် ရှေ့လုပ်ငန်းစဉ်များကို ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်