နေပြည်တော်  ၁၀  ဇန်နဝါရီ 

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီသည် (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ကို မတ် (၁၁)ရက်မှ (၂၀)ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသွား မည်ဖြစ်သည်။ 

 

ပြပွဲတွင် မြန်မာနိုင်ငံအတွင်းမှ ထွက်ရှိသော ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲအတွဲများကို တင်ပြရောင်းချသွားမည်ဖြစ်ပြီး နိုင်ငံသားကျောက်မျက်ရတနာ လုပ်ငန်းရှင်များအနေဖြင့် တင်ပြ ရောင်းချလိုသည့် ကျောက်စိမ်းအတွဲစာရင်း လျှောက်လွှာများကို ကျောက်စိမ်းလုပ်ငန်းကော်မတီ တွင် ဇန်နဝါရီ (၂၁)ရက်မှ (၂၅) ရက်အတွင်း လျှောက်ထားရမည်ဖြစ်သည်။

 

တင်ပြရောင်းချမည့် ကျောက်စိမ်းနှင့် ကျောက်မျက်အတွဲများကို ဖေဖော်ဝါရီ (၄) ရက်မှ (၂၃)ရက်အထိလည်းကောင်း၊ ပုလဲအတွဲများကို မတ် (၄)ရက်မှ (၆)ရက်အထိလည်းကောင်း စစ်ဆေးလက်ခံခြင်း၊ အခြေခံရောင်းဈေး ညှိနှိုင်းသတ်မှတ်ခြင်း၊ ပြပွဲကျင်းပမည့်နေရာသို့ ပြောင်းရွှေ့ခင်းကျင်းခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ 

 

ပြပွဲတွင် ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက်ရတနာများ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာ လုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာ အချောထည်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာ လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းဝင် နိုင်ငံသားများကို သတ်မှတ်ချက်များနှင့်အညီ ရတနာပြပွဲသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး မြန်မာ့ကျောက်မျက်ရတနာဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ခွင့်ပြုမိန့်နှင့် လိုင်စင်ရယူထားသူများကို ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

 

ပြပွဲသို့ တက်ရောက်ဝယ်ယူလိုသော ပြည်တွင်းရတနာကုန်သည်များအတွက် မန္တလေးမြို့ နှင့် မိုးကုတ်မြို့တို့တွင် စီမံရေးရာလုပ်ငန်းကော်မတီ ရုံးခွဲများဖွင့်လှစ်ကာ သက်ဆိုင်ရာ မြို့နယ် များရှိ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ ပြပွဲတက်ရောက် ဝယ်ယူခွင့် ဆိုင်ရာကိစ္စရပ်များကို ဖေဖော်ဝါရီ (၁၆) ရက်မှ (၂၂)ရက်အထိ ဆောင်ရွက်ပေးမည်ဖြစ်သည်။

 

အလားတူ ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များအတွက် ပြပွဲတက်ရောက်ဝယ်ယူခွင့် ဆိုင်ရာကိစ္စရပ်များကို နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမရှိ ရတနာကုန်သည် မှတ်ပုံတင်အဆောက်အအုံတွင် ဖေဖော်ဝါရီ (၂၅)ရက်မှ စတင်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

 

ထို့ပြင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များ ပြပွဲဝင်ခွင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများ ပိုမို အဆင်ပြေစေရန် ပြပွဲဝင်ခွင့်ပုံစံများကို ဖေဖော်ဝါရီ (၁၆)ရက်မှစတင်၍ www.mining.gov.mm နှင့် www.mge.gov.mm တို့မှတစ်ဆင့် Download ရယူပြီး ကြိုတင်ဖြည့်စွက် မှတ်ပုံတင် နိုင်ကြောင်းနှင့် Online မှတစ်ဆင့် လျှောက်ထားလိုပါက မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း Website ဖြစ်သည့် www.mge.gov.mm, Online Pre-Registration System တွင် ကြိုတင်မှတ်ပုံတင်၍ ပြပွဲတက်ရောက်ခွင့်ကိစ္စရပ်များ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

 

ပြပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟို ကော်မတီ၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ် (နေပြည်တော်)၊ မြန်မာ့ ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်းရုံးချုပ်(နေပြည်တော်)၊ မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်(ရန်ကုန်)၊ ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခင်း)၊ ကျောက်မျက်တူးဖော်ရေးဌာန (မန္တလေး၊ မိုးကုတ်၊ မိုင်းရှူး)နှင့် မြစ်ကြီးနားမြို့၊ ခန္တီးမြို့၊ မိုးညှင်းမြို့များတွင် အခြေပြုသည့် ကျောက်စိမ်းတူးဖော်ရေးဌာန (စခန်းရုံး)များတွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)