နေပြည်တော် ဧပြီ ၂၅
(၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္တနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။
မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များက စိတ်ကြိုက် လေ့လာကြည့်ရှုကြသည်။
ယနေ့ပြပွဲတွင် ကျောက်မျက်အတွဲအမှတ် ၁ မှ ၁၂၀ အထိ အတွဲပေါင်း (၁၂၀) အတွက် တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက နံနက် ၉ နာရီတွင် တင်ဒါဖွင့်ဖောက် စစ်ဆေးကာ ကျောက်မျက်အတွဲပေါင်း (၅၄) တွဲ ကို ရောင်းချရကြောင်း ကြေညာသည်။
ယမန်နေ့ပြပွဲတွင် ပုလဲအတွဲအမှတ် ၁ မှ ၃၃၀ အထိ အတွဲပေါင်း (၃၃၀) ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း (၃၃၀) ကို ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များကို ရောင်းချနိုင်ခဲ့သည်။
ပြပွဲပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲ အမှတ် ၁ မှ ၇၀၀ အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယခုပြပွဲတွင် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားရှိပြီး ငွေပေးချေရာတွင် ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ် ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်၊ ကျပ်ငွေတို့ဖြင့်လည်းကောင်း ပေးချေရမည်ဖြစ်ပြီး၊ ကျောက်မျက်၊ ကျောက်စိမ်း အတွဲများကို ယူရိုငွေဖြင့် ကြမ်းခင်းဈေး သတ်မှတ်ထားရှိကာ ရတနာ ကုန်သည်များသည် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေတို့ဖြင့် ပေးချေသွားရမည်ဖြစ်သည်။
ယခုကျင်းပပြုလုပ်သည့် ၅၇ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ ဧပြီ ၂၂ ရက် မှ ၂၄ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၃၃၀ နှင့် ကျောက်မျက်အတွဲ ပေါင်း (၅၄) တွဲ ကိုရောင်းချနိုင်ခဲ့ပြီး ကျောက်စိမ်းအတွဲ (၇၀၀) ကို ဧပြီ ၂၆ ရက်တွင် အိတ်ဖွင့် တင်ဒါစနစ်ဖြင့် လည်းကောင်း၊ ကျောက်စိမ်း အတွဲပေါင်း (၂၀၀၀) ကို ဧပြီ ၂၆ ရက်မှ ၂၈ ရက်အထိ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


