နေပြည်တော်၊ ဇူလိုင် ၁၀
(၅၈) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေး များကို မလေးရှားနိုင်ငံ အိမ်ရှင်အဖြစ် ဇူလိုင် (၁၀) ရက်မှ (၁၂) ရက်အထိ ပူထရာဂျာရာမြို့ရှိ Le Méridien Putrajaya ဟိုတယ်တွင် In Person စနစ်ဖြင့် ကျင်းပလျက်ရှိသည်။
အဆိုပါအစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်း အာဏာပိုင် အဖွဲ့ ခေါင်းဆောင်များ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အိန္ဒိယနိုင်ငံတို့မှ ခရီးသွားလုပ်ငန်းအာဏာပိုင် အဖွဲ့ခေါင်းဆောင်များ၊ အာဆီယံ-တရုတ်ဗဟိုဌာန၊ အာဆီယံ-ဂျပန်ဗဟိုဌာန၊ အာဆီယံ-ကိုရီးယား ဗဟိုဌာနတို့မှ ကိုယ်စားလှယ် များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းအာဏာပိုင် အဖွဲ့ခေါင်းဆောင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့တက်ရောက်ကြသည်။
(၅၈) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အစည်းအဝေးတွင် အာဆီယံခရီးသွား လုပ်ငန်းမဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၅) နှင့် အာဆီယံဒေသတွင်းခရီးသွား လုပ်ငန်းများ ပြန်လည် ထူထောင်ရေးစီမံချက်များအရ ကိုဗစ်-၁၉ အလွန် အာဆီယံဒေသတွင်းခရီး သွားလုပ်ငန်းများ ပြန်လည် မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေ ရေးအတွက် အာဆီယံခရီးသွား လုပ်ငန်းကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေ အနေများ၊ ၂၀၂၅ အလွန် အာဆီယံ ခရီးသွားလုပ်ငန်း မဟာဗျူဟာ စီမံကိန်း ရေးဆွဲသွားမည့်အခြေအနေများ၊ ဒေသတွင်းခရီးသွား လုပ်ငန်းများ ဘက်စုံမြှင့်တင်ရေး အတွက် အာဆီယံ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် အာဆီယံခရီးသွားလုပ်ငန်းအဖွဲ့၊ အာဆီယံ ခရီးသွားလုပ်ငန်း သုတေသနအဖွဲ့၊ အမေရိကန်-အာဆီယံစီးပွားရေး ကောင်စီ၊ အာရှ-ပစိဖိတ်ခရီးသွား လုပ်ငန်းအဖွဲ့တို့နှင့် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးညှိနှိုင်းကြသည်။
မြန်မာနိုင်ငံအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများအလိုက် လုပ်ငန်းစီမံချက်များနှင့် ပူးပေါင်း အစီအစဉ်များအရ ဦးဆောင်နိုင်ငံများ၊ အာဆီယံမိတ်ဖက်အဖွဲ့အစည်းများနှင့် ခရီးသွားလုပ် ငန်းတွင် ပူးပေါင်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံသို့ ၂၀၂၃ ခုနှစ်အတွင်း ခရီးသွားဧည့်သည် တိုးတက် ဝင်ရောက်မှုအခြေအနေများနှင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့်ခရီးသွားဧည့်သည်များအတွက် ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့မှုအခြေအနေများကို ဆွေး နွေးခဲ့သည်။
ထို့ပြင် ယခုအစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများဖြစ်သည့် (၄၃)ကြိမ် မြောက် အာဆီယံအပေါင်း ၃ (တရုတ်၊ ဂျပန်၊ ကိုရီးယား) ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ အစည်းအဝေးနှင့် (၃၀)ကြိမ်မြောက် အာဆီယံအပေါင်း အိန္ဒိယခရီးသွားလုပ်ငန်း အဖွဲ့အစည်းအဝေးများကို ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဆက်လက်တက် ရောက်ဆွေးနွေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)