နေပြည်တော်၊ နိုဝင်ဘာ ၂၉

 

(၅၉) ကြိမ်မြောက် အာရှ - အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (Asian - African Legal Consultative Organization-AALCO) အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်ဖြင့် ယနေ့မှ စတင်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ အဆိုပါအစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။

 

အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Li Keqiang တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဤအစည်းအဝေးကို ကိုဗစ်-၁၉ ကာလအတွင်း ဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသအစိုးရအဖွဲ့၊ AALCO အတွင်းရေးမှူးချုပ်ရုံးနှင့် အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Wang Yi ကို အထူးကျေးဇူးတင်ရှိပါကြောင်း။

 

အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံ အဖွဲ့အစည်းသည် ၁၉၅၅ ခုနှစ်၊ ဘန်ဒေါင်းညီလာခံမှ စတင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် အဖွဲ့အစည်းကို စတင်တည်ထောင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် နှစ်စဉ်ကျင်းပသည့် အစည်းအဝေးများတွင် တက်ကြွစွာ ပါဝင်တက်ရောက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားလျက်ရှိသော်လည်း  အစည်းအဝေးကို ဗီဒိယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပနိုင်ခြင်းသည် အာရှ-အာဖရိက နိုင်ငံများအကြား စည်းလုံးညီညွှတ်မှုကို ပြသခြင်း ဖြစ်ပါကြောင်း၊ AALCO ၏ နှစ်စဉ်ထုတ်ဝေသည့် စာအုပ်နှင့် “အပြည်ပြည် ဆိုင်ရာဥပဒေနှင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ” ခေါင်းစဉ်ဖြင့် ဂျာနယ်ထုတ်ဝေနိုင်မှုတို့အပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ AALCO သည် အာရှ-အာဖရိက နိုင်ငံများအတွက် အလွန်အရေးပါသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂနှင့် အခြားသောအဖွဲ့အစည်းများသို့ အပြည်ပြည်ဆိုင်ရာဥပဒေ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများတွင် အဓိကအထောက်အပံ့ ပေးလျက်ရှိသည့် အဖွဲ့အစည်း ဖြစ်ပါကြောင်း၊ AALCO က အပြည်ပြည်ဆိုင်ရာ ဥပဒေကော်မရှင် International Law Commission (ILC) ၏ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပေးလျက်ရှိရာ မိမိအနေဖြင့် ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း။

 

အပြည်ပြည်ဆိုင်ရာ ဥပဒေသည် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး နယ်ပယ်များတွင် သာတူညီမျှ ရှိမှုနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများတွင် ဖွံဖြိုးတိုးတက် အောင်မြင်စေရန် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ ယခုဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါ ကာလအတွင်း နိုင်ငံအသီးသီးအနေဖြင့် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ နေရသော်လည်း အပြည်ပြည်ဆိုင်ရာဥပဒေကို အလေးထားလိုက်နာရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ် ရောဂါကာလအတွင်းနှင့် ကာလအလွန် အခြေအနေများတွင် ရင်ဆိုင်ကြုံတွေ့ရမည့် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများကို အဖွဲ့ဝင်နိုင်ငံများအကြား အတူတကွ ရင်ဆိုင်ဖြေရှင်းရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ဆိုက်ဘာမှုခင်းများသည် နိုင်ငံဖြတ်ကျော် မှုခင်းဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံတည်း အနေဖြင့် တိုက်ဖျက်၍ မရနိုင်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ ဆိုက်ဘာမှုခင်း တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် ဆိုက်ဘာလုံခြုံရေး ဥပဒေကို အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့်အညီ ရေးဆွဲလျက်ရှိပါကြောင်း ပြောကြားသည်။

 

အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေကော်မရှင်မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ဆိုက်ဘာဆိုင်ရာ နိုင်ငံတကာဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေပြဿနာများ နှင့်စပ်လျဉ်း၍ တက်ရောက်ကြသော အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက အမြင်ချင်းဖလှယ် ဆွေးနွေးကြမည်ဖြစ်ကြောင်းနှင့် အစည်းအဝေးကို ဒီဇင်ဘာ ၁ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။                              

 

သတင်းစဉ်