နေပြည်တော် ဇန်နဝါရီ ၁၈
စိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ (၅၉) ကြိမ်မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲကို “ထရိုင်ခိုဒါးမားမှိုကို သီးနှံကာကွယ်ရေးတွင် အသုံးချခြင်း” ခေါင်းစဉ်ဖြင့် ယနေ့ နံနက်ပိုင်းတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ကျင်းပသည်။
အဆိုပါ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် တက်ရောက်၍ ယနေ့ပြုလုပ်သည့် တောင်သူနည်းပညာဆွေးနွေးပွဲသည် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးစသည့် စိုက်ပျိုးရေးသွင်းအားစုများကို တောင်သူများ ကောင်းစွာစီမံခန့်ခွဲတတ်စေခြင်းဖြင့် မိမိတို့၏ သဘာဝပတ်ဝန်းကျင်နှင့်ဂေဟစနစ်ကို စောင့်ရှောက်တတ်စေရန် ရည်ရွယ်ပါကြောင်း၊ ထရိုင်ခိုဒါးမားမှိုဆိုသည်မှာ သီးနှံကာကွယ်ရေး အပေါ်တွင် များစွာအထောက်အကူဖြစ်ကြောင်း၊ တောင်သူများအတွက် များစွာအကျိုးရှိ ထိရောက်သည့် သွင်းအားစုတစ်ခုဖြစ်သည့် ထရိုင်ခိုဒါးမားမှိုကို ကိုယ်တိုင်တိုင်ထုတ်လုပ်နိုင်စေရေးအတွက် သက်ဆိုင်ရာပညာရှင်များ သုတေသီများက ဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း၊ အကျိုးရှိထိရောက်သည့် ပညာပေးနည်းလမ်းများကို အသုံးပြု၍ နည်းပညာဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်စေလိုကြောင်း၊ ယခုနှစ် မိုးကြိုနှမ်းကို ဘောင်ကြီးတင်စနစ် Broadbed and Furrow စနစ်ကိုတောင်သူများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာစေအရေး ထိရောက်သော ပညာပေးဆွေးနွေးမှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒေါက်တာသက်ရီခိုင်က သီးနှံကာကွယ်ရေး၏ အရေးကြီးမှု ၊ ထရိုင်ခိုဒါးမားမှို၏ အာနိသင်များနှင့် စိုက်ပျိုးရေးတွင် အကျိုးပြုမှု၊ ထရိုင်ခိုဒါးမားမှိုကို သီးနှံကာကွယ်ရေးတွင် အသုံးပြုသည့် နည်းလမ်းများ၊ မျိုးစေ့လူးနယ်ခြင်း၊ စိုက်ပျိုးမည့် ပျိုးအိုး၊ ပျိုးထုပ်၊ ပျိုးဘောင်၊ မြေဆီလွှာထဲသို့ ထည့်သွင်းခြင်းတို့ကို ဆွေးနွေးတင်ပြပြီး ဆွေးနွေးပွဲ တက်ရောက်လာကြသူများ၏ မေးမြန်းမှုအပေါ် ဒုတိယဝန်ကြီးနှင့် ပညာရှင်များက ဖြည့်စွက်ဆွေးနွေး ဖြေကြားကြသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ (၁,၅၀၀) စုပေါင်း၍ ဆောင်းရာသီ ဟင်းသီးဟင်းရွက် ကန်စွန်း၊ ချဉ်ပေါင်၊ ဆလပ်၊ နံနံ၊ မုန်ညင်း၊ မုန်လာဥဖြူ သီးနှံများအား ဘောင်ကြီးတင်စနစ်ဖြင့် စနစ်တကျ ပြင်ဆင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်