နေပြည်တော် ၂၃ မတ်
(၅၉)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Royal ACE ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မိုးလေဝသဖြစ်စဉ်များ ကောင်းမွန်ရေးအတွက် လူတိုင်းပါဝင် ဆောင်ရွက်လာရန် ရည်ရွယ်ပြီး “နေ၊ ကမ္ဘာနှင့် မိုးလေဝသကောင်းမွန်ရေး လူတိုင်းဖော်ဆောင်ပေး” ဟု ယခုနှစ်၏ ဆောင်ပုဒ်ကို ရွေးချယ်သတ်မှတ်ထားပါကြောင်း၊ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သဖြင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံစားနေရသည့် နိုင်ငံဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံစားရမှု လျော့နည်းအောင် သဘာဝပတ်ဝန်းကျင်၊ ရေအရင်းအမြစ်နှင့် သဘာဝသယံဇာတများ ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တစ်ဘက်တွင်လည်း ပြည်သူများအနေဖြင့် ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေနေနိုင်အာင် ရာသီဥတုဆိုင်ရာ ဗဟုသုတများရှိရန်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများသိရှိရန် လိုအပ်ကြောင်း၊ မိဘပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် အန္တရာယ်ကင်းအောင်၊ စိုက်ပျိုးသီးနှံများ မပျက်စီးမဆုံးရှုံးအောင်၊ အသက်အိုးအိမ်စည်စိမ်ကို သဘာဝဘေးကြောင့် ထိခိုက်လျော့ပါးမှု နည်းနိုင်သမျှနည်းအောင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် ခန့်မှန်းချက်များ၊ သတိပေးချက်များကို အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သော သဝဏ်လွှာကို ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ဖတ်ကြားသည်။
ယင်းနောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများကို ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဆုများပေးအပ်ပြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများနှင့် ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)
ဓာတ်ပုံ- မိုးဇလ


