(၆၂)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနား ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်

မြဝတီ ၇ နိုဝင်ဘာ 

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့တွင် (၆၂)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်ပြီး မြဝတီကုန်သွယ်ရေးဇုန်အား ကြည့်ရှုစစ်ဆေးသည်။

 

ဒုတိယသမ္မတ ဦးမြင့်ဆွေသည် နံနက် ၇ နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်၌ ကျင်းပသည့် ၂ဝ၁၇ ခုနှစ်၊ (၆၂)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်သည်။ 

 

အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကရင်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တာဝန်ရှိသူများ၊ အပစ်ရပ်လက်နက်ကိုင် အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။ 

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်တို့က သဘာပတိအဖြစ် ဆောင်ရွက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြုကြသည်။

 

ထို့နောက် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သည့် ၂ဝ၁၇ ခုနှစ် (၆၂)နှစ်မြောက် ကရင်ပြည်နယ်နေ့ သဝဏ်လွှာကို ဖတ်ကြားသည်။

 

ယင်းနောက် ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က (၆၂)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် အမှာစကားပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြည်နယ် ဂုဏ်ထူးဆောင် ထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 

ဆက်လက်၍ ၂ဝ၁၇ ခုနှစ် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပြခန်းများနှင့် ပျော်ပွဲ ရွှင်ပွဲမုခ်ဦးကို ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကျော်ဝင်း မောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ 

 

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ၂ဝ၁၇ ခုနှစ် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။ 

 

ဆက်လက်၍ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ဘားအံမြို့မှ မြဝတီမြို့သို့ ရောက်ရှိပြီး မြဝတီကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ ကုန်သည်အဖွဲ့အစည်းများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက မြဝတီကုန်သွယ်ရေးဇုန်ဆိုင်ရာ အခြေအနေများ၊ အခွန်ကောက်ခံရရှိမှု အခြေ အနေများ၊ ကုန်သွယ်ရေးဇုန်သို့ ကုန်သွယ် ယာဉ်ဝင်၊ ထွက်မှု အခြေအနေများနှင့် မြဝတီနယ်စပ် ကုန်သွယ်မှုလုပ်ငန်းဖြိုး တိုးတက်ရေးဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ ဦးမြင့်ဆွေက တရားမဝင် ကုန်သွယ်မှုများကို တရားဝင် ကုန်သွယ်မှုများ ဖြစ်လာအောင် ဆောင်ရွက်ရေး၊ တရားမဝင် ကုန်သွယ်မှုများကို အဆင့်ဆင့်ကြီးကြပ်၍ ထိရောက်စွာ တားဆီးနိုင်ရေး၊ သွင်းကုန်အစားထိုး အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးကူညီ ဆောင်ရွက်ရေး၊ တရားဝင်ကုန်သွယ်မှု သွက်လက်မြန်ဆန်စေရေးအတွက် ကူညီပံ့ပိုးဆောင်ရွက်ရေး၊ နိုင်ငံတကာ ကုန်သွယ်မှုအမြင်ရှိရေး၊ ဖမ်းဆီးတားဆီးမှုမှ ရရှိသည့် ဆုကြေးအတွက် သိမ်းဆည်းရမိသော တရားမဝင် ကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍ ဆုငွေချီးမြှင့်ခြင်းဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၄၉/၂ဝ၁၇)အတိုင်း ဆောင်ရွက်ရေးနှင့် တာဝန်ထမ်း ဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ တာဝန်နှင့် ဝတ္တရားများကို တရားဥပဒေနှင့်အညီ စည်းလုံးညီညွတ်စွာ ထမ်းဆောင်နိုင်ရေးတို့ကို မှာကြားသည်။ 

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က မြဝတီစက်မှုဇုန် တည်ဆောက်ပြီးစီးနိုင်ရေးနှင့် ဒေသခံ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး တို့ကို ဆွေးနွေးပြောကြားသည်။ 

 

မြဝတီကုန်သွယ်ရေးဇုန်သည် မြဝတီမြို့နှင့် ၆ ဒသမ ၅ မိုင်အကွာရှိ စံတုကုန်း ဒေသ၌ တည်ရှိသည်။ အဆိုပါ ကုန်သွယ် ရေးဇုန်ကို ၂ဝဝ၆ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂ဝဝ၈ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ကုန်သွယ်ရေးလုပ်ငန်းများ စတင်ခဲ့သည်။

 

ယင်းနောက် ဒုတိယသမ္မတသည် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂) တည်ဆောက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးရာ ကရင်ပြည်နယ်လမ်း ဦးစီးဌာနညွှန်ကြားရေးမှူး ဦးသောင်းဟန်စိုးက တံတားဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားသည် သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ပြီး အလျား မီတာ ၇၆ဝ၊ အကျယ် ၁၆ ဒသမ ၂ မီတာ ရှိကြောင်း၊ အဆိုပါ တံတားကို ၂ဝ၁၅ ခုနှစ် သြဂုတ်လတွင် စတင်တည်ဆောက်ခဲ့ပြီး ၂ဝ၁၇ ခုနှစ် မတ်လတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ဒုတိယသမ္မတသည် မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားအား ကြည့်ရှုစစ်ဆေးရာ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးထူးလွင်က တံတားဆိုင်ရာ အခြေအနေများ၊ နယ်နိမိတ်ဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

 

ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မြဝတီမြို့ မြစန္ဒီပန်းခြံခန်းမ၌ မြဝတီခရိုင်နှင့် မြို့နယ်တို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အခြေအနေများကို လည်းကောင်း၊ မြဝတီ မြို့မိမြို့ဖနှင့် အသင်းအဖွဲ့ ကိုယ်စားလှယ်များက မြဝတီ ဒေသဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။

 

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် အဖွဲ့ဝင်များသည် 230 KVA မြဝတီ ဓာတ်အားခွဲရုံအား ကြည့်ရှုစစ်ဆေးကြရာ ဓာတ်အားပို့လွှတ်ရေးစီမံကိန်း(တောင် ပိုင်း)၊ စီမံကိန်းညွှန်ကြားရေးမှူး ဦးမျိုးနိုင်က ဓာတ်အားခွဲရုံဆိုင်ရာ အခြေအနေများကို ရှင်းလင်းတင်ပြရာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

 

သတင်းစဉ်