ဘားအံ ၂၆   အောက်တိုဘာ

 

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကရင်တိုင်းသားတို့၏ ပွဲတော်တစ်ခုဖြစ်သည့်(၆၄) နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်ကို ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ပွဲတော် သို့လာရောက်သူများ စိတ်အေးချမ်းစွာဆင်နွှဲ နိုင်စေရေးအတွက် ပြည်နယ်ပွဲတော်လုံခြုံရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ရဲတပ်ဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

 

ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က အဖွင့်အမှာစကား ပြောကြားပြီး ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီး အောင်မြတ်မိုးက(၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ ပွဲတော်တွင်လုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။

 

1

 

(၆၄) နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်ကို ကရင်ပြည်နယ်၏မြို့တော်ဘားအံမြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် သီရိလမ်းလမ်းရှိသီရိကွင်းတွင် နိုဝင်ဘာလ(၇)ရက်နေ့မှ နိုဝင်ဘာလ(၁၁)ရက်နေ့ထိ ကျင်းပသွားမှာဖြစ်ပြီး ပွဲတော်တွင် ဈေးရောင်းပွဲ(ကုန်စည်ပြပွဲ)ကို (၆)ရက်နေ့တွင် စတင်ဖွင့်လှစ် ရောင်းချပေးသွားမည်ဖြစ်သည်။

 

ပြည်နယ်နေ့ အထိမ်းအမှတ် ဌာနဆိုင်ရာများ၊ NGO ပြခန်းများ၊ ဈေးရောင်းပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်းထားပြီး ပြိုင်ပွဲများအဖြစ် ကရင်ရိုးရာ ဒုံးအဖွဲ့(၁၁)ဖွဲ့ယှဉ်ပြိုင်ပွဲ၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံနှင့် ပန်းမံပြပွဲပြိုင်ပွဲ၊ ရိုးရာလှေလှော်ပြိုင်ပွဲ၊ ကယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲ၊ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲနှင့် အခြား အားကစားပြိုင်ပွဲများကိုပါ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပွဲတော်လုံခြုံရေးညှိနှိုင်း အစည်းအဝေးတွင် (၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ ပွဲတော်ကိုပျော်ရွှင်စွာ ဆင်နွဲနိုင်ရေး၊ ပွဲတော်သို့လာရောက်သူများ စိတ်အေးချမ်းစွာ ဆင်နွှဲနိုင်စေရေး၊ ခိုက်ရန်ဖြစ်ပွားမှုများ မရှိစေရေး အတွက်သာမက မီးဘေးစသည့် လုံခြုံရေးများ ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)